Tuesday, February 5, 2013

တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone


 တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ သက်ဆိုင်ရာ ရောင်းရင်းအပေါင်း တို့အား လည်း ကောင်း။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universallaw ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-

တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ် တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါး အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ (သို့) ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။

တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်း အရင်ဘ၀ က ဘာတွေဖြစ်။ သိဒ္ဓတ္ထမင်းသား ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။ အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်)။

ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမ ဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ - ဇာတ်လမ်းတွေဟာဖြင့် ပုဂ္ဂိုလ်ရေး personal (သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။

မိတ်ဆွေကြီးဟာ သူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး
အသိဥာဏ်ပိုင်း-စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။ မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီ-ဆင်းတု-တစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ
(သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။

အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန်
ကြော်ငြာ ပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။
တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို
နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာ-ဘာလဲ-ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ် လုပ်ဆောင်ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ်
ကောင်းကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာအောင် ပြုလုပ်တာပါပဲ။

တကယ့် ဗုဒ္ဓဘာသာ မှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာ မလိုသလို၊ ငရဲပြည်နှင့်
ခြိမ်းခြောက်ရန် မလိုအပ်ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိနှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ
ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း
အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြစ်ပါတယ်။
မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင်ရန်
အလုပ် တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄)ဆင့် (သို့)အလုပ်(၄မျိုး)
ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင် သွားရပါမယ်။

ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ဝေဖန် ကန့်ကွက်
ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့)တကယ့်ဗုဒ္ဓဘာသာကို
ထိခိုက်စော်ကားမှုဖြစ်ပါသည်ဟု ဒီနေရာကပဲ လေးလေးနက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ-

ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့
ဝါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း - ဇာတ်ကွက်များ -
ဇာတ်အိမ်များကိုသာ ၀တ္ထု ဝေဖန်သလို သွားရောက် ကန့်ကွက် ဝေဖန် နေသောကြောင့်ဖြစ်ပါသည်။

သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကား ကန့်ကွက် ဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု- စေတီ ပုထိုး - မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း)ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်း လဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာ က မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည် ထွန်းလင်းလာချေပြီ။

မြန်မာနိုင်ငံမှ တဆင့် ပြန်လည် သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး
ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင်
အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည်
ထွန်းလင်းနေပါပြီ။

အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်-ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ အတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး- နေရာမရွေး-အချိန်မရွေး လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း
သိနားလည်လျှက် လိုက်နာ ကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင်
ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများ ကျော်ကြား လာကာ လိုက်နာ ကျင့်သုံး လျှက်ရှိကြပါပြီ။

ထို့ကြောင့် စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး
ကူညီပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည်လျှက် စိတ်မသက် မသာမဖြစ်ကြပဲ
ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကားကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့်-၄ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု သိရှိရန် အကျဉ်းမျှ ဖော်ပြအပ် ပါတယ် ခင်ဗျား-

ပထမအဆင့် (ဒါန) -

ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး တစုံတရာ
မျှော်လင့်ချက်မပါ - -သူတပါး အကျိုး သက်သက် အတွက် စွန့်လွှတ်ပေးကမ်းမှု။
(သို့) မိမိ လောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။

(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့
စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း
ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့်များများလှူ ဟု မကန့်သတ်ခဲ့ပေ။
သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာ
သူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း
ဆက်လက်လှူဒါန်းပါရန် မိန့်ကြား ထားလေသည် )

ဒုတိယအဆင့် (သီလ)-

လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး-တိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း-ခိုးယူခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါး သားပျို-သမီးပျို-ကာမပိုင်ရှိသူများအား လွန်ကျူး စော်ကား ဖျက်ဆီးခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများ သောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း ။ စသည်တို့ဖြစ်လေသည်။ (သို့) မိမိ ဒေါသ-လောဘ အလျှောက်
မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

တတိယအဆင့်(သမာဓိဘာဝနာ) -
-လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသောမေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။

လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်း မြောက်သော စိတ်ထား မုဒိတာ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခော စိတ်ထား
ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။

တောင်တွေး-မြောက်တွေး-ဟိုမကောင်းကြံ-ဒီမကောင်းကြံ-ဟိုပူ-ဒီပူ-ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော
ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့် စောင့် ကြည့်ကာ
တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင်ခြင်းဖြစ်လေသည်။ (သို့)
မနာလိုစိတ်-မုန်းတီးစိတ်-အပျော်ကြူးချင်သောစိတ်-ထောင်လွှားသောစိတ်-ပျင်းရိသောစိတ်-
သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် - ပျက်စီးစေလိုသောစိတ် စသည် ဖြင့်
မကောင်း သော စိတ် များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)

ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို
ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့
တော်တော်လေး ခဲယဉ်း နေတတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ post တစ်ခု မှာ
တရားနည်း တစ်ခုကို ၀ိပဿနာ အဖြစ် အထင်မှား လျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)
အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူများ နားလည်ဖို့
ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့်တော့
ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့်
ရှင်းပြလိုက်ပါသည်။

-အမှန် ကို အမှန် အတိုင်း သိနေခြင်း။
-တကယ့် အရှိ ကို အရှိအတိုင်း သိနေခြင်း ။ လက်ခံ ယုံကြည်နေခြင်း။
-တကယ်မဟုတ်တာ ကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း။
-တကယ် မရှိတာ ကို တကယ်မရှိမှန်း နားလည် သဘောပေါက် ဆင်ခြင်နေခြင်းဖြင့်

(တနည်းအားဖြင့်)
-မမြဲသော တရစပ် ပျက်စီးနေသော အနိစ္စ သဘာဝများကို ..... တရစပ်
ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲနေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း -
-အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော ဒုက္ခသဘာဝများကို ......... အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော(ဒုက္ခ သစ္စာ)ဟု သိနေခြင်း

-ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်-ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု-အဖတ်မတင်မှု-သဘာဝသက်သက်များကို ................ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်)
ရှိမနေမှု -မြဲမနေမှု - အဖတ်မတင်မှု-သဘာဝသက်သက်များ(အနတ္တ)ဟု
လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့် -
အမှန်တရား ကို အမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ် အားဖြင့် (သိနားလည်သွားမှုဖြင့်) ............
ပူလောင်ဆင်းရဲစေသောစိတ်များ-မမှန်ကန်သောစိတ်များ (ကိလေသာများ) ကို တစ်စ တစ်စ စွန့်လွှတ်- စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။

နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ် - ငြိမ်းချမ်းရာအစစ် -တည်မြဲရာအစစ် - အိုနာသေကင်းရာအစစ် ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင် သိရှိ - မျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်ကြရလေည်။
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကို ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄)ဆင့်ကို နောက်ဆုံး
(၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက်
နှစ်ဆင့် လုပ်လျှင် နှစ်ဆင့်အလျှောက်- သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့်အလျှေက် မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်မှာပါ ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ univeral law ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။

မိမိ နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါ မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို ဒိဋ္ဌ မျက်မြင် တွေ့ရှိ သိရှိနိုင်မည်ဖြစ်ကြောင်း။ မိမိ နှလုံးသားထဲတွင် တကယ့်ဗုဒ္ဓဘာသာအစစ် (ဓမ္မ)ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း ။ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာမလိုကြောင်း မှာကြားထားလေသည်။
(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို- မလုပ်လျှင် မလုပ်သလောက် အကျိုးနည်း ပေမည်။ )။

ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့
ဘယ်လောက်ပဲ မှတ်တမ်းတင် ရေးထား ရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံး
အဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက
ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည် ရပ်တည်
ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ်
တည်တံ့အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။

ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး တို့ရဲ့ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုပါသည်-
အထက်ပါ အချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက်
ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။

တခြား ပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း - ဇာတ်ကွက် ပုဂ္ဂိုလ်ရေး
personal များ (အပေါ်ယံ ဗုဒ္ဓဘာသာ) သမိုင်းများ ကို ငြင်းခုန် ဝေဖန်
ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို
နောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှ အမှား မကင်းသည့် လူသားများကသာ
ဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါ အချက်များကို
ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့် လည်းကောင်း (ပြဿနာ နှင့်
ပျော်မွေ့တတ်သည့် ပုထုဇဉ်လူသားများ အားလုံး)တို့ ဘယ်တော့မှ အဖြေမှန်
ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါသည်။

ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့်
-ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင်ကို တွန်းချလို့ရရင်ရမယ်-
သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့မရပါဘူး................
-မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်-
မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကိုတော့ လုံးဝ ပြတ်လပ် သွားအောင် ခွာချလို့ မရပါဘူး။...................

ဗုဒ္ဓကျမ်းစာအုပ်တွေ-ကျောင်းတိုက်ကြီးတွေ-ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်-
မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ-ငါ့ဟာအဖြစ် အထင်မမှားဘဲ- အမှန်တရားကို သိနားလည်လျှက် လောဘ-ဒေါသများကို စွန့်လွှတ်နေသော စိတ်ထား
သဘောထား-အေးချမ်းသောစိတ်များ-၀ိပဿနာဥာဏ်များ-မဂ်ဥာဏ်-ဖိုလ်ဥာဏ်များကို တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ မရပါ။..............

(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်းများကို
နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာ လုပ်ခဲ့သော်လည်း နိဗ္ဗာန်
ကို ရောက်သောသူ များရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း
ပြောလိုရင်းဖြစ်ပေသည်။)

ဓမ္မ universal law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက်
တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)
သို့သော် အထက်ပါ အဆင့် (၄)ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက
လုပ်ဆောင်သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက်
ပြုလုပ်ခဲ့သော အကုသိုလ်၏ တန်ပြန် အကျိုးသက်ရောက်မှု များကို compensate
လုပ်နိုင်စွမ်း ချေဖျက်နိုင်စွမ်း ရှိပါတယ်။

(မှတ်ချက်။ ။အမိ-အဖ(သို့) ရဟန္တာ ကို သတ်သောကံ-စသည်ဖြင့် အားကြီးမားလွန်းသော
အကုသိုလ်ကံများ ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်
အကျိုးသက်ရောက်မှု များကိုcompensate မလုပ်နိုင်ပါ။ အကုသိုလ်၏
တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက်ခံရလေသည်)

ထပ်မံ သိရှိလိုပါက အောက်ပါ ၀က်ဆိုဒ်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
www.mindfulness.moethout.com,
www.kodiamond.multiply.com
www.trueanswer.co.cc
www.dhammabooks.co.cc

by 
(အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်))


Sunday, February 3, 2013

အပျော်ဆုံးနေ့ တရားတော် - ဦးသုဇာတ(မေတ္တာအေး)

မိဘမေတ္တာ သားလိမ္မာ တရားတော် - ဦးသုဇာတ(မေတ္တာအေး)

“ဘယ်လိုစာ မောင်သင်မတုံး”

“ဘယ်လိုစာ မောင်သင်မတုံး”

အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာကိုပဲ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်) သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ မေးခွန်းဆန်းတွေနဲ့ ခဏခဏကြုံရတယ်။
အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေ
      တလောဆီကပဲ လူလတ်ပိုင်း ခေတ်ပညာတတ်ဆိုသူ တစ်ဦးက အခုလက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ အရိယသစ္စာဆိုတဲ့ ပန်းတိုင်အထိမဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေတယ်။ လောကကြီးအပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင်တယ်။ လောကရဲ့ အေးငြိမ်းမှုဆိုတဲ့ တကယ့်နိဗ္ဗာန်ကို ရည်မှန်းတဲ့ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ်သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြောကျင့်ကြံ နေကြတယ်’’လို့ပြောပါတယ်။

    လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာမှန်သင့်သလောက် မှန်ပေမယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြောတာကတော့ ဟုတ်နိုင်ပါ့မလား”ဆိုပြီး မေးလျှောက်ပါ တယ်။

    မောင်ရင်မေးတဲ့ မေးခွန်းက အတော်ရှည်လျှားတဲ့ မာရသွန်မေးခွန်းကြီးတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် “တာ”စထွက်ကတည်းက သွက်ချာပါဒနဲ့ တရွတ်တိုက်ဆွဲပြေးနေတဲ့ မေးခွန်းမျိုးကြီးဖြစ်နေ တယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာ တော်ကြီးအဖြစ်နဲ့လေးစားယုံကြည်သတ်မှတ်ထားတဲ့သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ်ကြီးပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီလည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။

     အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေးထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေးစားကြတာပါ။ ဒါကို ရပ်ကွက်တိုင်းမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်းသားလေးများတောင် သိပါလိမ့်မယ်။ မောင်ရင်တို့ကျမှ ဘယ်လိုလုပ် ရူးကြောင်ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး”လို့ သံသယဖြစ်နေရတာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒလိုက်နေတာ၊ ဒီရောဂါကို ပျောက်အောင်မကုနိုင်ရင်တော့ ဓမ္မလမ်းခရီးတစ်လျှောက်လုံး တရွတ်ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ”လို့ ပြောလိုက် ရတယ်။

     ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအဘိဓမ္မာလောက်တော့ လေ့လာဆည်းပူး ထားနိုင်မှ တန်ကာကျလိမ့်မယ်။ ဟုတ်တယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနကမေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါးတို့ဟာလည်း အဲဒီပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။

    ဆိုလိုတာ ကတော့ အရိယသစ္စာဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ “ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ်ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထသစ္စာမှာသာ လမ်းဆုံးပြီး အရိယသစ္စာမဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ်သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင်ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်းလုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင်ရတဲ့ “ကြောင်တောင်ကန်း”ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလိုပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်းဘူး။

တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီး
    ပြီးတော့ “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်”ဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်နိဂုံးမှာပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့်မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကားပိုဒ် ဖြစ်ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။

      ဒီစကားရဲ့ အပြည့်အစုံက “အမှန်တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ်တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီးသာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။

      လောကမှာ ရှိရှိသမျှခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေလို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။

     မြတ်ဗုဒ္ဓအဆုံးအမတော်ရဲ့ ဦးတည်ချက်ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရမယ်လို့ ညွှန်ပြတာပါ။ “တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြသူတိုင်း သိပါတယ်။

      “အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလိုရမ္မက်ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင်မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်”ဆိုတဲ့အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ တင်စားပြောဆိုတာဖြစ်ပါတယ်။

      ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြတဲ့”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာဝန်းကျင်ကြီးတစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်းဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။

      အဲဒီလို တစ်လောကလုံး ဒုက္ခပြင်ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့ တရားဟာ လောကပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလားဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။

“ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award)ဗုဒ္ဓဘာသာ 

      ၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ပုဂ္ဂိုလ် (ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရပါတယ်)က ရေးသားတင်ပြတဲ့အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံတကာစုပေါင်းမဟာမိတ်အဖွဲ့(ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award) ကို ပေးခဲ့တယ်။

     ဒီဆုကို ဘာသာရေးနယ်ပယ်အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင်အနည်းငယ်သာပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့ “စိတ်ဝင်စားစရာကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေအနည်းငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကိုရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။

     အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံးဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်”တဲ့။

      ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ်ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော်အတိုင်း ပြုရတယ်ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေပါတယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ”တဲ့။

     ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်းလင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ဘာသာအရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါတယ်”လို့ ပြောပါတယ်။

      ဒါတွေကို အထောက်သာဓကပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီးပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ပါ။
(မူရင်းကို အပြည့်အစုံကြည့်လိုရင်တော့ (http://www.sikhphilosophy.net/) မှာ တစ်ကမ္ဘာလုံးအတွက် အမြဲလွှင့် တင်ထားပါတယ်။)
လောကကြီးကို အဆိုးမြင်
ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ်ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေဘူးလား”လို့ ဆက်မေးပါသေးတယ်။

    “အမှန်တရားတွေဆိုတာ မြတ်စွာဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန်အတိုင်းသိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ်လို့ ဟောတော်မူတာဖြစ်ပါတယ်။ ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော်စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောပြချင်ပါတယ်။

     “လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြတယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်”တဲ့။ လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင်သမား၊ လေယာဉ်ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။

    သရော်တဲ့စကားတစ်ခုအနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခုအဖြစ်နဲ့ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီးတီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘောအမှန်တကယ်ရှိလို့ လေထီး တီထွင်သူက ရှုမြင်စဉ်းစား မိတာလားဆိုတဲ့ အချက်ပါ။
     အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက်တာပါ။ ဒီပျက်တတ်တဲ့သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်းရှုမြင်ပြီး ဒီလိုအန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

      ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင်သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူတီထွင်လိုက်တဲ့ လေထီးဆိုတာလည်း လေယာဉ်မောင်းသူ လေယာဉ်စီးသူတို့အတွက် အပျက်ကိုဦးတည်ပေးတာ မဟုတ်ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့်လည်း စစ်တိုက်လေယာဉ်များအပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုးအားထားပြုနေကြတာဖြစ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

     ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိလက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရားကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေးချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည်သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့်အသိဥာဏ်ကို ပြောတာပါပဲ။

      “ဒီလိုဆိုရင် သင်္ခါရတရားတွေမှန်သမျှ ဘာမှအသုံးမကျဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်မ သွားပေဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။ လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။

အလယ်လမ်မးစဉ်
     မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက်တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင်တာမဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။

      ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်းတဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကိုသာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့အစွန်းရောက်သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင်တတ်ကြတဲ့အတွက် သင်္ခါရတရားအားလုံးကို လုံးဝအသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသလိုဖြစ် အောင် အားထုတ်မှုအစွန်း ရောက်သွားကြပါတယ်။ ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေမှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခနယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။

     မြတ်စွာဘုရားရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ မြင်ထောင့်ဖြစ်ပါတယ်။ သင်္ခါရအာရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာသုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရားမှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။ မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။

      လိုအပ်ချက်အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ”လို့ ခေါ်တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်”လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါလိမ့်မယ်။ နိဿရဏမြင်ထောင့်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်းစား၊ မြှားသံလည်း နားထောင်”ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။

      စနစ်တကျစဉ်းစားတွေးခေါ်တတ်သူများဖြစ်ဖို့အတွက် အထူးသတိပြုစေချင်တာကတော့ - လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ်ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်းအတူတူပါပဲ။

ဆေးဆရာ ဥပမာ
ဒါနဲ့ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ -
ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူးမရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး”လို့ ပြောပြီး လူနာကို နှစ်သိမ့်စကားပြောတယ်။

  ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ ဆေးကုဆေးစားလုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”လို့ ပြောတယ်။

     ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင်သမား။ အမြင်ချင်းကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။

    တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင်သမားတော် စစ်စစ်ဖြစ်ပါတယ်။

     ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ -
အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထအစွန်းရောက်တယ်။
အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်”လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်”လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့”လို့သာ ပြောရပါ လိမ့်မယ်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိနိုင်
     “ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာကတော့ “ပျက်မယ်”ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်”မထားတော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။

     မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ”တရားတွေ  ဖြစ်ပါတယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက်မလာပါဘူး။ ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း  မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိမျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

     “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ 
ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ 
ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” 
ဆိုတဲ့ စကားကို လက်ကိုင် ထားတယ်ဆိုရင်တော့ လူငယ်ယဉ်ကျေးမှုသင်တန်းတွေမှာ ပြောနေကြအတိုင်း “ဘယ်ကျောင်း တော်မှာ ဘယ်လိုစာ မောင် သင်မတုန်း” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Saturday, February 2, 2013

မာယာမြေသို့ နှုတ်ခွန်းဆက်

 

မာယာမြေသို့ နှုတ်ခွန်းဆက်


ကိုရင် စာမပြန်လျှင်လည်း မိဘုတ်က စိတ်ဆိုးဦးမည်။ စကားနာ ထိုးကောင်း ထိုးပေလိမ့်မည်။ စာပြန်လျှင်လည်း မိဘုတ်ရဲ့ဆန္ဒကို လိုက်လျှောသည်ဟု တွေးထင်ပေရော့မည်။ မည်သည့်ဘက်မှ ကြည့်ကြည့် မလှည့်သာချေ။ သို့သော်လည်း ကိုရင် စာပြန်ပါမည်။ သမုဒယတော သောကသံသရာဝယ် မိဘုတ်တစ်ယောက် တွယ်ရာမဲ့ ခိုရာမဲ့ အဖြစ်ဖြင့် နစ်မွန်းမည့်အရေးကို မျှော်တွေး၍ ပူပန်မှု ကရုဏာစိတ်ဖြင့်ပါတည်း။

ကိုရင်နှင့် မိဘုတ်တို့၏ဘ၀ကား ရေကျော်ရွာတွင် မွေးဖွါး ကြီးပြင်းခဲ့သော တောသူ တောင်သားတို့ပင် ဖြစ်ပါ၏။ တစ်ရွာတည်းနေ တစ်ရေတည်း သောက်ခဲ့ကြ၍ သွေးချင်းဖောက်၍ မသောက်ရုံတမယ် ရင်းနှီးခဲ့ကြပါ၏။ ငယ်သူငယ်ချင်း ဖြစ်သည်နှင့်အညီ သံယောဇဉ် ဆံတစ်ပင်လည်း ကိုယ်စီ တင်းခဲ့မိကြ၏။ သို့သော် အကြင်နာ အငွေ့အသက်တို့ကို ယောင်မှား၍ပင်
မထွက်မိကြပါပေ။

ယိုင်နဲ့လဲပြိုလုဖြစ်နေသော (၅၂၈)ဆိုင်းဘုတ်ကို မဖြုတ်သိမ်းမီကာလမှာပင် ရွာဦးဘုန်းကြီးထံတွင် ကိုရင်ဘ၀ သာမဏေအဖြစ်သို့ ကူးပြောင်းခဲ့ရပါ၏။ ဘုန်းတော်ကြီး၏ အစီအမံဖြင့် စာသင်ရန်အတွက် ရန်ကုန်မြို့ ရွာမပရိပတ္တိစာသင်တိုက်သို့ စာပလွေပိုက်ကာ ကိုရင်လိုက်ပါခဲ့ရသည်။ ရပ်ရွာအတွက် သာသနာအတွက် တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်မည်ဆိုသည့် ရည်ရွယ်ချက်တို့နှင့်သာတည်း။ ဤအချိန်မှစ၍ ကိုရင်နှင့် မိဘုတ်တို့ဘ၀သည် သုံးနှင့်လေးလို ကျောခိုင်းကာ အဝေးသို့နှင်ခဲ့ရပါ၏။
ယခုဆိုလျှင် ကိုရင် စာသင်ရန်အတွက် ရွာမှထွက်လာသည်မှာ ဆယ်စုနှစ် တစ်ခုတောင် ကျော်လွန်ခဲ့ပေပြီ။


ဆယ်စုနှစ် တစ်ခုအတွင်း ကိုရင့်ဘ၀လမ်းသည် ပန်းခင်းသောလမ်းချည်းသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်။ ဆူးခင်းလမ်း ကိုလည်း နင်းခဲ့ရ၏။ ခလုတ်ကံသင်းတို့ကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အန္တရာယ် အသွယ်သွယ်ကိုလည်း ရင်ဆိုင်ခဲ့ရ၏။ ခရောင်းလမ်း အတိသာတည်း။ အခက်အခဲ အမျိုးမျိုးကို ကျော်လွန်ပြီး (၁၀)စုနှစ်၏ သည်မှာဘက်တွင်မူ သာသနာတော်၏ အရိပ်အာဝါသ အောက်ဝယ် စမ်းရေအေးကိုလည်း သောက်ခဲ့ရ၏။ ပန်းလေမွှေးကိုလည်း ရှူရှိုက်ခဲ့ရပါ၏။ ထိုကဲ့သို့ အောင်ပန်းဥယျာဉ်ထဲ ရောက်ရှိစေရန်အတွက် မိဘများကလည်း အတင်းတွန်းပို့ခဲ့ကြ၏။ ဆရာအရှင်တို့ကလည်း လမ်းညွှန်ပေးခဲ့ကြပါသည်။ ထိုသို့
အေးချမ်း တည်ငြိမ်နေသော ကိုရင်ဘ၀ထဲသို့ မိဘုတ်က တမန်တော် စာလွှာဖြင့် ထိုးဖောက်ကာ ၀င်ရောက်လာခဲ့ပြန်ပြီကော။


မိဘုတ်၏စာသည် ရိုးသား၏။ ပွင့်လင်း၏။ ပြတ်သား၏။ သံယောဇဉ် အငွေ့အသက်တို့ သင်းပျံ့လျက်ရှိပါ၏။ “ကိုရင်ရေ” ဟူသော ရင်းနှီးမှု လေသံဖြင့် အစချီခဲ့၏။ စာပါအကြောင်းအရာတို့သည် အစတွင် ထူးခြားမှုမရှိလှ။ အဖေအမေတို့ ကျန်းမာကြောင်းလည်းပါ၏။ တန်ဆောင်တိုင် ဘုရားပွဲတော် ပျော်စရာကောင်းသည်လည်း ပါ၏။ ရွာမှာ မိုးကောင်း၍ စိုက်ပျိုးပြီးစီးကြောင်းလည်း ပါ၏။ သည်အထိ ဘာမှထူးခြားမှုမရှိ။ ရေးရိုးရေးစဉ်ပင်။ နောက်ဆက်ရေးသည်က…………….


“မိဘုတ် အိမ်ထောင်ပြုရတော့မယ် ကိုရင်။ မိဘတွေက အတင်းစီစဉ်နေကြတယ်လေ။ အဲဒါ မိဘုတ် ဘာလုပ်ရမလဲ၊ အကြံပေးပါဦး ကိုရင်ရယ်။ ကိုရင် သဘောမတူရင် မိဘုတ် ဘယ်သူ့ကိုမှ မယူပါဘူး။ အချိန်မီ အကြောင်းပြန်ပေးစေချင်ပါတယ်။ မိဘုတ် ဆိုလိုတဲ့ အဓိပ္ပါယ်ကို ကိုရင်နားလည်မှာပါ။”
............စသည် စသည်။


စာပါအကြောင်းအရာတို့သည် နီးလိုက် ဝေးလိုက်နှင့် ကိုရင့်ရင်ထဲဝယ် ယောက်ယက်ခတ်လျက်၊ မပီပြင်သော အဝေးမြင်ကွင်းနှယ်ေ၀၀ါးးလျက် ရှိပါကုန်၏။ မိဘုတ်၏စာသည် ဘာကိုဆိုလိုပါသနည်း။ ကိုရင် ဘာလုပ်ရမည်နည်း။ ဘာလုပ်သင့်သနည်း။ ကိုရင့် အခြေအနေကလည်း တစ်ပြိုင်နက်တည်းမှာ ရည်ရွယ်ချက် နှစ်ခုလုံးကို ပြုလုပ်၍မရသော အနေအထား။ မိဘုတ်၏ဆန္ဒကို လိုက်လျောမိလျှင်လည်း တစ်ဘက်က အဖမြတ်စွာ သာသနာကို စွန့်လွှတ်ရပေတော့မည်။ အဖမြတ်စွာ သာသနာကို ဆက်လက် ဖက်တွယ်လျှင်လည်း တစ်ဘက်က မိဘုတ်ကို သံယောဇဉ်ဖြတ်ကာ ထားရစ်ရမည် သာတည်း။ သည်သို့သော အခြေအနေကို မိဘုတ်လည်း သိမည်ထင်ပါ၏။

တစ်ယောက်သူ၏ ဆန္ဒကို လိုက်လျောရမည်လော။ အများ၏ ဆန္ဒကို လိုက်လျောရမည်လော။ အကြိမ်ကြိမ် စဉ်းစားခဲ့ရ၏။ တစ်ဘက်မှာ သ့ယောဇဉ်ကြိုး တင်းရပါသော မိဘုတ်။ အခြားတစ်ဘက်မှာ စိုးရိမ်လွန်စွာ အားကိုးတကြီးစောင့်မျှော်နေကြသော မိဘများ၊ ရွာသ ရွာသားများ၊ လမ်းမှန်ကို ညွှန်ပြခဲ့ပြီး၊ ပညာဆီမီး ထွန်းညှိပေးခဲ့ကြသော ဥယျာဉ်မှူး ဆရာအရှင်များ။ မိမိဘ၀မြုပ်နှံရာ ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမည့် အဖမြတ်စွာ သာသနာတော်။ ဤသို့သော အခြေနေများကြောင့် ဦးနှောက်နှင့် နှလုံးသားသည် လွန်ဆွဲလျက်၊ ဆုံးဖြတ်ရခက်သော ပြဿနာကြားဝယ် ချာလည်လျက်၊ ရှုပ်ထွေးလျက်။


မိဘုတ်၏စာနှင့် တစ်ပြိုင်နက် ရောက်လာသော မိခင်၏စာကို ကိုရင် ဖောက်ဖက်လိုက်မိသည်။…

“သား….ကိုရင်”
မေမေ စာရေးလိုက်ပါတယ်။ သား ကျန်းမာရေးကောင်းရဲ့လား။ အစစအရာရာ အဆင်ပြေရဲ့လား။ လိုတာရှိရင် မှာလိုက်ပေါ့။ မေမေတို့ မိသားစု အလုပ် လုပ်နေတာလည်း သားအတွက်ပါကွယ်။ မေမေတို့ ဆင်းရဲပေမယ့် သားကို မဆင်းရဲစေချင်ဘူး။မေမေတို့ ပင်ပန်းချင် ပင်ပန်းပါစေ၊ သားအတွက်ပဲလို့ စိတ်ကူးလိုက်ရုံနဲ့ မေမေတို့ရဲ့ပင်ပန်းမှုတွေဟာပိန်းကြာဖက်ပေါ် ရေမတင်သလို ပြေပျောက်ခဲ့ရပါတယ်သား။

သားကို ပြောရဦးမယ်။ ခုတလော မေမေ အိပ်မက်တွေ မကောင်းဘူးကွယ်။ အိပ်မက်ကလည်း ရိုးစင်းလိုက်တာကွယ်။ သား လူထွက်သွားလို့..တဲ့။မေမေဖြင့် ငိုလိုက်ရတာ။ အိပ်မက်က လန့်နိုးတော့ မေမေ့မှာ ဇောချွေးတွေနဲ့ မျက်ရည်တွေရောပြီး ရွှဲနစ်နေပြီလေ။ အဲဒီအကြောင်းကို မိသားစုတွေ ပြောပြမိတော့ အားလုံး ငိုမိကြတယ် သားရယ်။ ဒါတွေကိုတော့ သားက ဘယ်မှာလာ သိနိုင်ပါ့မလဲ။ ဒါအိပ်မက်ပဲလို့ သားက ပြောချင်တာ မဟုတ်လား။ အိပ်မက်ဖြစ်လို့ အရင်က မေမေ မယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ မယုံလို့ မရတော့ဘူးသား။

ဟိုတလောက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။ မေမေ မက်ခဲ့တဲ့ အိပ်မက်ထဲမှာ သားကျန်းမာရေး မကောင်းဘူးတဲ့။ မေမေလည်း သားကို စိတ်မချလို့ ရန်ကုန်မြို့ကိုလိုက်လာတော့ သားကို ဆေးရုံပေါ်မှာ တွေ့ခဲ့ရတယ်လေ။ ဒါ့ကြောင့်ခုအိပ်မက်ကလည်း အဲလိုမျိုး တကယ်ဖြစ်နေမလားလို့ပါ သားရယ်။ အိပ်မက် မက်တာတောင် မေမေတို့တွေ ဒီလောက် ခံစားရတယ်ဆိုရင် တကယ်သာ သားလူထွက်ခဲ့ရင် မေမေတို့ မိသားစု ဘယ်လိုနေမလဲ သားစဉ်းစားကြည့်ပေါ့။

သားကို ပညာတတ်ကြီး ဖြစ်စေချင်တာ၊ သာသနာ့ဝန်ထမ်းနေတဲ့ ဆရာတော်ကြီး ဖြစ်စေချင်တာ မေမေတိုပရဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါကွယ်။ ဒါဆိုရင် မေမေသားကို မွေးရကျိုး နပ်ပါပြီ။ မေမေတို့ လှုပ်ရှား အသက်ရှင်နေရတာလည်း သားအတွက်ပါလို့ ပြောရင် မမှားပါဘူးကွယ်။ ဟိုတလောကတောင် ရွာဦး ဘုန်းတော်ကြီးက မေးနေသေးတယ်။ သားထံမှ စာမလာတာ ကြာပြီတဲ့။………”

ဖတ်လက်စ စာကို တုန်ယင်သောလက်ဖြင့် ကိုင်လျက် ကိုရင်တစ်ယောက် စဉ်းစားခဲ့ရပါပြီ။ မျက်ဝန်းထဲမှာတော့ မျက်ရည်ကြည်တို့ ဝေ့သီလျက်၊ မေမေ့အတွက် ကျရတာလား၊ မိဘုတ်အတွက် ကျရတာလားဆိုတာ ကိုရင် မသိနိုင် မဝေခွဲနိုင်တော့ပါပေ။ မေမေ့စာသည် အချိန်မှီ ရောက်လာသည်ဟု ဆိုရပေမည်။ တွေဝေလမ်းခွဲဝယ် ရပ်နေရသော ကိုရင်အတွက် မေမေ့စာသည် တွန်းအား တစ်ရပ် ဖြစ်ခဲ့ပါ၏။ ဆုံးဖြတ်ရခက်သော ဝေဒနာအတွက် လမ်းမှန်ကို ညွှန်ပြသကဲ့သို့ပင်တည်း။

ထိုနေ့တစ်ညလုံး ကိုရင် အိပ်မပျော်ခဲ့ပေ။ အကြိမ်ကြိမ် စဉ်းစားခဲ့ရ၏။ အထပ်ထပ် သုံးသပ်ခဲ့ရ၏။ မိုးစင်စင် အလင်းမှာတော့ ရွှင်လန်းစိတ်ဖြင့် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချနိုင်ခဲ့ပေပြီ။ ကိုရင့်အနေဖြင့် မိဘုတ်စာ၏ ဆိုလိုရင်းကို မသိလို၊ မမြင်လို၊ နားမလည်လိုတော့ပြီ။ ဆက်၍မကသင့်သော သည်ဇာတ်ကို ရုတ်တရက် ရပ်တန့်ပစ်ရုံမှတစ်ပါး အခြားမရှိတော့ပြီ။ ဟိုတစ်ဖက်မှာ ‘ဟို..တစ်ခြားတစ်ဖက်မှာ ဘယ်လိုခံစားရမလဲ’ ထည့်သွင်း မစဉ်းစားတော့ပြီလော၊ မေးကြတော့မည်။ ရှိစေတော့။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရ၏။ ကြိတ်၍ ၀မ်းနည်းမိ၏။ အသင့်လျော်ဆုံး လမ်းတစ်လမ်းအတွက် သည်ဇာတ်ကို ပြည်ဖုံးကားချ၍ ရပ်တန့်ပစ်ရုံသာ ရှိတော့သည်။

မည်သို့ပင် ဆိုကြပါစေ၊ သစ်စိမ်းချိုး ချိုးသူအဖြစ် ကိုရင် ခံယူတော့မည်။ ပူလောင်ကျွမ်းစေတော့၊ သည်အပူကို ကိုရင် ရင်ဆိုင်တော့မည်။ ရောဂါလက္ခဏာ ပေါ်စအချိန်မှာ ကုထုံးကောင်းကောင်းနှင့် မကုပဲထားခဲ့လျှင် သည်ထက်ပိုသော နောက်ဆက်တွဲ အခြေအနေဆိုးကို ကိုရင် မုချရင်ဆိုင်ရဖွယ်ရှိသည်။ ခွင့်မလွှတ်နိုင်ရင်လည်း ရှိပါစေတော့။ ဒါပေမဲ့ ကိုရင် တောင်းပန်လိုက်ပါ၏။ ခွင့်လွှတ်ပါ မိဘုတ်။ ကိုရင့်ကို နာကျည်းလိုက်ပါတော့။ မုန်းလောက်စရာ အကြောင်းမရှိသူကို မေ့ပျောက်စရာ တရားရှာပြီး မေ့ဖျောက်ဖို့ ကိုရင် ကြိုးစားရပါတော့မည်။

ကိုရင် လှေနံနှစ်ဖက်ကို မနင်းလိုပြီ။ လက်တစ်ဘက်ဖြင့် အဖမြတ်စွာ သာသနာတော်ကို ဆုပ်ကိုင်၍ ကျန်လက်တစ်ဘက်ဖြင့် မိဘုတ်ကို လက်မကမ်းလိုတော့ပြီ။ ထိုလက်ဖြင့်ပင် မိဘုတ်ကို ထာဝရ နှုတ်ဆက်ခဲ့ပါမည်။ နှလုံးသားကို စွန့်လွှတ်ပြီး၊ မိဘုတ်နှင့် ဝေးရာ သာသနာတော်မှာ ကိုရင့်ဘ၀ကို ထာဝရ အခြေချပါမည်။ ရင်မှာ နေတစ်ရာမက ပူစေဦးတော့၊ သည်အပူကို အားတင်းခံလို့ မိဘုတ်ကို စွန့်ခွါပါတော့မည်။

ကိုရင် စာပြန်လိုက်ပါသည် မိဘုတ်။ ဤသို့ စာပြန်သဖြင့် မိဘုတ်၏ စာပြန်စေလိုသော ဆန္ဒကို ဖြည့်စွမ်းသည် မှန်၏။ သို့သော် မိဘုတ်၏ အဆိုပြုချက် တစ်ရပ်ကို မလိုက်လျောနိုင်၍ ရင်၌များစွာပင် ၀မ်းနည်း ကြေကွဲမိပါ၏။ သည်စာသည် မိဘုတ်အတွက် ချမ်းသာရာ ချမ်းသာကြောင်း အကြောင်းပြန်စာဟု ထင်လိုကလည်း ထင်နိုင်ပါ၏။ မိဘုတ်၏ ဝေဒနာ သက်သာရာ သက်သာကြောင်း သောက်ဆေး သုံးဆေးတစ်ခွက်ဟု ယူဆလိုကလည်း ယူဆနိုင်မည်ထင်ပါ၏။ သည်စာသည် မိဘုတ်အား မုချ အကူအညီ ပြုလိမ့်မည်ဟုလည်း ကိုရင် မျှော်လင့်ပါသည်။

စင်စစ် မိဘုတ်သည် လူနာ။ ကိုရင်က ဆရာဝန်ပမာသာတည်း။ မိဘုတ်၏ သောက ဝေဒနာအတွက် ကိုရင့်အား ဖွင့်ပြောတိုင်ပင်၏။ ကုသပါဟုလည်း တောင်းပန်သည်။ ကောင်းပြီ။ ကိုရင် သည်ဝေဒနာကို ကုသမည်။ မိဘုတ်အတွက် ဆေးတစ်ခွက် ကိုရင် ပေးမည်။ သည်ဆေးဖြင့် မိဘုတ်၏ သောက ဝေဒနာတို့ ပျောက်ကင်းမည်ဟု ယုံကြည်ပါ၏။ သို့သော် ကြိုတင်၍ကား ကတိ မပေးလိုပါချေ။ ကိုရင့်ဆေးကို ကိုရင်ကိုယ်တိုင် သံသယဖြစ်သောကြောင့်၊ မယုံသောကြောင့်၊ စိတ်မချသောကြာင့်ကား မဟုတ်ပါလေ။

အနာဂတ်ဟူသည် ကြိုတင် ပုံစံချ၍ ရကောင်းသောအရာ မဟုတ်သော်လည်း မိဘုတ်၏ အနာဂတ်အတွက်မူ ကိုရင် ပုံစံချ၍ ရကောင်းမည် ထင်ပါ၏။ မိဘုတ် ချမ်းသာစေရမည်။ မိဘုတ်အနေနှင့် တစ်ခုတည်းကိုသာ လိုက်နာရမည်။ လူနာသည် ဆရာဝန်၏ စကားကို နာယူရရိုး ထုံးစံရှိသည် မဟုတ်ပါလော။ အာဏာပြသည်၊ စိမ်းကားရက်စက်လွန်းသည်ဟုကား မထင်စေလိုပါ။


စင်စစ် ကိုရင့်ဆေးသည် မြတ်ဗုဒ္ဓ၏ ကရုဏာ အမြိုက်ဆေးသာ ဖြစ်ပါ၏။ ဤဆေးကို သောက်ခြင်းဖြင့် မိဘုတ်လည်း ချမ်းသာရမည်။ မိဘုတ်မိဘလည်း ၀မ်းသာရမည်။ ကိုရင်ကတော့ ဆရာဝန်ဖြစ်သည်နှင့်အညီ မိဘုတ်၏ သောက ဝေဒနာ သက်သာ၍ မိဘုတ်ဘ၀ သာယာချမ်းမြေ့လျှင် ကိုရင် အတိုင်းမသိ ၀မ်းမြောက်နေမည်သာ ဖြစ်ပါ၏။

“ဘ၀နှင့် ဆန္ဒ အံကျအောင် မဖြစ်နိုင်သော အခြေအနေမှာ မိဘုတ်ဘ၀ သာယာစေဖို့ မိဘစကားကိုသာ
နာထောင် လက်ခံလိုက်ပါတော့”…..လိုဲ့ ကိုရင် အကြံပေးလိုက်ပါရစေလား။


မိဘုတ်တစ်ယောက် ကိုရင့်စကားကို နားထောင်ခြင်းသည် မိဘုတ်ဘ၀ သာယာစေကြောင်း နည်းလမ်းကောင်းလည်း ဖြစ်နိုင်ပါ၏။ မိဘစကားကို နားထောင်သော အမွေခံ သားသမီးကောင်းလည်း ပီသနိုင်ပါ၏။ ကိုရင့်စကားကို နားထောင်၍ ကိုရင့်ပါရမီကို ကူညီ ဖြည့်သည်လည်း မည်ပါ၏။ မိဘုတ်ဘ၀ သာယာလာသောနေ့တွင် ကိုရင့် စေတနာကို မိဘုတ်တစ်ယောက် ကောင်းကောင်း သဘောပေါက်လာပါလိမ့်မည်။


မိဘုတ်ရောဂါ ဝေဒနာအတွက် သောက်ဆေးကိုလည်း ပေးခပဲါ့၏။ အားဆေးကိုလည်း ကျွေးခဲ့ပါ၏။ လျှောက်လှမ်းရန် လမ်းမှန်ကိုလည်း ညွှန်ပြခဲ့ပါ၏။ ချမ်းသာစေကြောင်း နည်းလမ်းကောင်းလည်း ပေးခဲ့ပါ၏။ ညီမလေး တစ်ယောက်အပေါ် ထားရှိသော အစ်ကိုတစ်ယောက်၏ ကြည်လင် အေးမြသော မေတ္တာ ကရုဏာတို့နှင့်သာတည်း။

ကိုရင့်ဘ၀ကတော့……..

လူ့ဘုံဋ္ဌာနေ၊ မာယာမြေမှာ
သစ္စာလေးအား၊ မေတ္တာမျှားကို
ချထားရစ်ကာ၊ သွားပါတော့မည်
သည်တောသည်ဋ္ဌာ၊ ကိုယ်ရှောင်ခွါမည်
မာယာမြေမှာ…နေရစ်တော့….လို့

သည်စာနဲ့ပဲ နှုတ်ဆက်ခဲ့ပါရဲ့ မိဘုတ်။ ။


မှ
ကိုရင်

တက္ကသိုလ် မောင်ကိုရင်
၁၆.၉.၉၅

(ရွာမပရိယတ္တိ စာသင်တိုက် ၂၅-နှစ်မြောက် ငွေရတု စာစောင်)

Friday, February 1, 2013

Rose Story - နှင်းဆီပုံပြင်

Rose Story - နှင်းဆီပုံပြင်


စာရေးသူဟာ “ဘာသာရေးအနံ့ဖြူးသည့် လူမှုရေးဆောင်းပါး”တွေ ရေးတယ်လို့ ဆိုပါတယ်။ “နှင်းဆီပုံပြင်”မှာတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ် (ယေ ဓမ္မာ ဟေတုပ္ပဘာဝါ)ဆိုတဲ့ ဗုဒ္ဓဒေသနာတော်ကို ကြီးပွားတိုးတက်ရေး လမ်းညွှန်အဖြစ် အသုံးပြုနိုင်ကြောင်း ညွှန်ပြထားပါတယ်။ “သဘာဝအရင်းအမြစ်” နဲ့ “လူသားအရင်းအမြစ်” နှစ်မျိုးဟာ တိုင်းပြည်တစ်ခု တိုးတက်ဖို့ အကြောင်းတရားကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ခေတ်သုံးခေတ် (BC 253, AD 11th CENTURY, 21st AD CENTURY)မှာ ဗုဒ္ဓတရားတော်ကို နားလည်ပုံ ကျင့်သုံးပုံတွေကို ပုံပြင်သုံးပုဒ်ပုံစံနဲ့ ကောက်ကြောင်းရေးရေး ခြစ်ပြထားပါတယ်။


ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။
(စာရေးသူ)


ဆောင်းဦးပေါက် မနက်ခင်း တစ်ခုပဲ။ နှင်းဝတ်မှုန်တစ်ချို့က မ၀ံ့မရဲ ခြေလှမ်းတွေနဲ့။ ညနေက ငုံထားရတဲ့ နှင်းဆီလေးက ဒီမနက်ကတော့ ငါ့မနက်ခင်းပဲဆိုပြီး နေ့ကောင်းရက်မြတ် ရွေးခြယ်ကာ အလှဆုံး “ပွင့်”ချလိုက်တယ်။ ဟုတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်နှင်းဆီနဲ့မှ မတူဘူး။ သူ့ထက် ခမ်းနားတဲ့နှင်းဆီ မရှိနိုင်တော့ဘူး။ အဲ... နှင်းဆီလေး ကောက်ပွင့်လိုက်ချိန်မှာ လူတွေ အိပ်ယာက မနိုးသေးဘူး...တဲ့။

လူတွေ အိပ်ယာက နိုးလာတော့ နှင်းဆီလေးကို တွေ့သွားကြတယ်။ ကြီးကျယ်ခမ်းနားလိုက်တဲ့ နှင်းဆီ။ မြင့်မြတ်လိုက်တဲ့ နှင်းဆီ။ ဘာပြောကောင်းမလဲ... နှင်းဆီလေးကို လာကြည့်ပြီး ထောပနာပြုကြတဲ့ လူအုပ်ကြီး မနည်းလှဘူး။ သူတို့ ပါးစပ်တွေကလည်း တတွတ်တွတ်နဲ့။ “ကြီးကျယ်ခမ်းနားလှတဲ့ နှင်းဆီ။”

လူအုပ်ကြီး “ရှဲ”ကနဲ ဖြစ်သွားတယ်။ ဘာလဲဟ။ ခပ်လှမ်းလှမ်းက ခမ်းနားလှတဲ့ လူကြီးနှစ်ယောက် လမ်းလျှောက်လာတာ။ လူချင်းအတူတူပဲ။ ဘာဖြစ်လို့ လူအုပ်ကြီး “ရှဲ”ကနဲ ဖြစ်သွားရတာလဲ။ မတူဘူး။ ဟုတ်တယ်။ လူချင်းတူတယ်။ သေသေချာချာ ကြည့်ကြ။ တစ်ယောက်က မဇ္ဈိမဒေသ အသားအရေနဲ့။ သူက အသက်နည်းနည်း ပိုကြီးပုံရတယ်။ နောက်လူငယ်ကတော့ အညာသား။ ညိုမောင်းမောင်း အသားအရေနဲ့။ ဘီလူးတစ်ကောင်ရဲ့ ရင်အုံနဲ့ လက်မောင်ကြွက်သားတွေ ပါတယ်။ သူ့မျက်နှာက တည်ကြည်ပေမယ့် ခက်ထန်မနေဘူး။ သူ့မျက်လုံးတွေကလည်း ကြည့်ရသူတွေအဖို့ကတော့ အနှစ်တစ်သောင်း ကြိုမြင်ရတဲ့ စွမ်းအင်ရှိသလိုမျိုးပဲ။ သူကြည့်တာ ခံရတဲ့ လူတိုင်း လိပ်ပြာမသန့် ခံစားသွားရတယ်။ အဲသလို မျက်လုံးမျိုးတွေ။ အသားအရေ ကွာပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ ယုံကြည်ချက်က တူညီနေသလိုမျိုးပဲ။ စကားတပြောပြောနဲ့ လူအုပ်ကြီးဆီ လျှောက်လာတဲ့ပြီး အညာသား လူငယ်က မေးတယ်။ သူတတ်တဲ့ ဘာသာစကားနဲ့။

“ဘာကို ၀ိုင်းကြည့်နေကြတာလဲ မောင်ရင်တို့”တဲ့။

သူ့အသံကြားတော့ ညှိနှိုင်းမထားတဲ့ ဧရာမ လူအုပ်ကြီး ပြိုင်တူ ဒူးညွတ်လိုက်ကြ အရိုအသေ ပေးလိုက်ကြသတဲ့။ ဘယ်လိုလူလဲ။ နတ်လား မသိဘူး။ သူ့အသံ ငြိမ်သက် တည်ကြည် ပြတ်သား။ လူသားတွေအားလုံး ကြက်သီးထကြတယ်။ မဟုတ်ဘူး။ ကြောက်လို့ မဟုတ်ဘူး။ တစ်ခုခု။ “တစ်ခုခုက ဘာလဲ” လာမမေးနဲ့။ ဘယ်သူမှ မသိဘူး။

“နှင်းဆီပွင့်ကြီးကို ကြည့်နေကြတာပါ အရှင်။”

လူအုပ်ကြီးထဲက သတ္တိရှိတဲ့ လူငယ်တစ်ယောက်က သူ့အသံကို တည်ငြိမ်အောင် ကြိုးစားရင်းနဲ့ ဖြေတယ်။ အဲဒီ လူငယ်ဆီမှာလည်း ဆယ်ပြားစေ့လို လေးထောင့်စပ်စပ် မျက်နှာနဲ့ မေးရိုး ရှိတယ်။ သူမို့ ဖြေရဲတာပေါ့ ဒီလို လူကြီးရဲ့ မေးခွန်းကို။

“နှင်းဆီကို ကြည့်နေကြတာ။ ဟုတ်လား မောင်ရင်။”

“ဟုတ်ပါတယ် အရှင်။”

အညာသား လူထူးဆန်းက မဇ္ဈိမသားကြီးကို လှည့်ပြီး ကြည့်တယ်။ နက်နဲလွန်းတဲ့ အပြုံးနှစ်ပွင့် “ထင်း”ကနဲ ပွင့်ထွက်သွားတယ်။ ဘာပြောကောင်းမလဲ။ သူတို့နှစ်ယောက်က နှင်းဆီပွင့်ကို ကြည့်တယ်ဆိုရုံလေး ကြည့်ပြီး ချီးမွမ်းစကား ပြောလိုက်တယ်။

“လှပလိုက်တဲ့ ရေသောက်မြစ်ကြီး”တဲ့။

သူတို့နှစ်ယောက်က နှင်းဆီပင်ရဲ့ ရေသောက်မြစ်ကြီးကို ဦးညွတ် အရိုအသေ ပေးချလိုက်တယ်။

“လေးစားပါတယ် ရေသောက်မြစ်ကြီး”တဲ့။

နှင်းဆီလေးက မျက်နှာစူပုပ်သွားတယ်။ ရေသောက်မြစ်ကြီးက မျက်ရည်တွေနဲ့ ဦးညွတ်ပြီး အရိုအသေ ပြန်ပေးတယ်။ လူအုပ်ကြီးက နားမလည်ဘူး။ ဘာလဲ...။ နှင်းဆီကိုကျော်ပြီး ဘာဖြစ်လို့ ရေသောက်မြစ်ကို သူတို့က အရိုအသေ ပေးနေရတာလဲ။

လူထူးဆန်းကြီး နှစ်ယောက်က တိုးညှင်းညှင်းနဲ့ သီချင်းတစ်ပုဒ်ကို ပါဠိလို ပြိုင်တူ ရွတ်ဆိုကြသတဲ့။

ဒီလို...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။

ဒီတော့မှ လူအုပ်ကြီးက သဘောပေါက်ပြီး လက်ခုပ်တွေတီး ကောင်းချီးပေးလိုက်တာ မိုးခြုံးသံတစ်ခု ဖြစ်သွားခဲ့ဖူးသတဲ့။

သူတို့ ဖြေရာကိုတော့ နှင်းဆီပုံပြင်လို့ မှတ်လိုက်ကြပါ။

ဘီစီ ၂၃၅ ပုံပြင် (BC 253)

အဲဒီတုန်းက ရှင်ဘုရင် တစ်ပါးဟာ အကြီးမားဆုံး အင်ပါယာကြီးတစ်ခု၊ နှစ်ပေါင်းထောင်သောင်း ကမ္ပည်းတွင်မယ့် အင်ပါယာကြီးတစ်ခု တည်ထောင်နေချင်ခဲ့ သတဲ့။ ဒါပေမယ့် ခက်တာက သူ့မှာ တိကျတဲ့ မူဝါဒ မရှိဘူး ဖြစ်နေတယ်တဲ့။ ဒါကို သူစဉ်းစား နေခဲ့တာ နှစ်ကာလတွေ ဘယ်နည်းလိမ့်မလဲ။ တစ်နေ့တော့ သိမ်မွေ့နက်နဲတဲ့ လူတစ်ယောက်ကို တွေ့တယ်။

သူ့ဆီမှာတော့ အင်ပါယာကြီး ထူထောင်ဖို့ နည်းလမ်း မရှိနိုင်။ ဒါပေမယ့် နက်နဲတဲ့ ဓမ္မတစ်ခုခုတော့ သေချာပေါက် ရှိရမယ်လို့ ရှင်ဘုရင်က တွေးတယ်။ ဒါနဲ့ ချဉ်းကပ်ပြီး မေးကြည့်တော့ အဲဒီ ဂေါတမဗုဒ္ဓရဲ့သားလို့ သူ့ကိုယ်သူ အမည်ပေးတဲ့ လူထူးဆန်းက...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။

ဘာပြောကောင်းမလဲ။ ရှင်ဘုရင်ကြီးရဲ့ “မောဟ”တံခါးတွေ ဒိုင်းဒိုင်းနဲ့ ပွင့်ထွက်ကုန်တယ်။ သူရသွားပြီ။ အင်ပါယာကြီး တည်ထောင်ဖို့ မူဝါဒ။ ဘာတဲ့။ “ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”တဲ့။ တိုတိုလေး။ ရှင်းရှင်းလေး။ လိုအပ်တာကလည်း ဒါပဲ။ ဒီထက် မပိုဘူး။

အဲဒီ အဆုံးအမလေး တစ်ခုကို အခြေခံပြီး အင်ပါယာကြီး ထူထောင်လိုက်တာ နှစ်ပေါင်း ၂၀၀၀ကျော်တာတောင် ကမ္ဘာက သူ့ကို မေ့လို့ မရကြဘူးတဲ့။ သူ့နာမည်လား။ အဲ... Asoka တဲ့။ တစ်ချို့ကတော့ သူ့ကို “သီရိဓမ္မာသောက”တဲ့။ ချစ်မြတ်နိုးလွန်းလို့ ခေါ်ကြတာ။

အေဒီ ၁၁ ရာစု ပုံပြင် (AD 11th CENTURY)

ဒီပုံပြင်ရဲ့ ဇာတ်လိုက်ကလဲ ရှင်ဘုရင်ပဲ။ ပိုပြီးတိတိကျကျ ပြောရရင် ထတောက်မယ့် မီးခဲပဲ။ သူ ဘုရင်ဖြစ်ခဲ့တယ်။ ဘယ်သူ့အားကိုးနဲ့မှ မဟုတ်ဘူး။ ဘုရင်ဖြစ်ပေမယ့် သူ့နိုင်ငံလေးက မူမမှန်တဲ့ အုပ်ချုပ်မှုအောက်မှာ ပြာပုံဘ၀နဲ့။ ဒါကို သူက ဥယျာဉ်ကြီး တစ်ခုအဖြစ် ဖန်ဆင်းချင်တာ။ တိုးတက်တဲ့၊ ခေတ်မီတဲ့၊ သိပ္ပံနည်းကျတဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ထောင်ပစ်ချင်နေတာ။ ဒါကိုပဲ သူစဉ်းစားနေခဲ့တာ လပေါင်း ဘယ်နည်းမလဲ။

တစ်နေ့။ သူကတော့ ဘယ်သိဦးမလဲ။ နိုင်ငံတော်ကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်နေ့။ အဲဒီနေ့မှာ လူထူးဆန်းတစ်ယောက်ကို သူ့တွေ့ရတယ်။

တည်ကြည် ငြိမ်သက်လှပါလား။ ဖြည်းဖြည်းလေး လှမ်းနေပေမယ့်။ သူ့အသိက စကြ၀ဠာကို ပတ်မိနေသလို။ သူ့မျက်စိက ရှေ့လေးတောင်သာ ကြည့်ပေမယ့် လာမယ့် အနှစ်လေးသောင်းကို ကြိုသိနေသလို ရှင်ဘုရင်လေး ခံစားနေရတယ်။

ဒါနဲ့ သူ့ဆီက နက်နဲတဲ့ ဓမ္မကို မေးကြည့်တော့...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။

ဘာပြောကောင်းမလဲ မှန်တံခါးကို သံတုတ်ကြီးနဲ့ အားကုန်လွှဲ ရိုက်ချလိုက်သလိုမျိုး ဘုရင်လေးရဲ့ အသိတံခါးတွေ တ၀ုန်းဝုန်းနဲ့ ပွင့်ထွက်ကုန်တာ။ သူရပြီ။ ဒီနည်းနဲ့ နိုင်ငံတော် ထူထောင်ရမယ်။ လွယ်လှပါလား။ သူ့ဆရာက... ဂေါတမဗုဒ္ဓ...တဲ့။

ဝမ်းသာလွန်းလို့ ရှင်ဘုရင်လေးခမျာ အသားတွေ၊ အသံတွေတောင် တုန်ခါနေသတဲ့။

“ဟောပါဦး အရှင်။ ဆက်လက် လမ်းညွှန်ပါဦး အရှင်။”

“ကုန်ပါပြီ မင်းကြီး။ ဒါပဲ။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ။ ဒါပဲ။ ဒီထက် ပိုစရာ မလိုဘူး။”

ဒီတော့မှ ရှင်ဘုရင်လေး တရေးရေးနဲ့ စဉ်းစားမိတာ
(၁) အကြောင်းတရားက တန်ခိုးရှင်၊ ဖန်တီးရှင်၊
(၂) အကျိုးတရားက ဖန်ဆင်းမှုရဲ့ ရလာဒ်၊
(၃) အကြောင်းတရားကောင်းတွေ များနိုင်သမျှ များအောင်လုပ်၊
(၄) အကျိုးတရားက သူ့အလိုလို ရောက်လာတယ်။ ဆုမတောင်းနဲ့။ မလိုအပ်ဘူး။
(၅) အကျိုးတရား ပြတ်ချင်ရင် အကြောင်းတရားကို သတ်။ ဒါပဲ... တဲ့။

ရှင်ဘုရင်လေး ဆက်ပြီး စဉ်းစားတယ်။ ဆင်းရဲမွဲတေမှု ဆိုတာက အကျိုးတရား။ ဒါဖြင့် အကြောင်းတရားက ဘာလဲ။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာက အကျိုးတရား။ အကြောင်းတရားက ဘာလဲ။ အကြောင်းတရားက
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်။

သူသိသွားပြီ။ သူ့မှာ သဘာဝကပေးတဲ့ မြစ်ကြီးတွေ ရှိတယ်။ အဲဒီ မြစ်ကြီးတွေထဲမှာ ရေတွေရှိတယ်။ မဟုတ်ဘူး။ မှားလို့။ ရှင်ဘုရင်လေးက “ရေ”လို့ မမြင်တော့ဘူး။ မြစ်ကြီးထဲမှာ “ဆန်စပါး”တွေ ရှိတယ်လို့ သူ သဘောပေါက်သွားပြီ။ နောက်ပြီး ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်။ လွယ်လွယ်လေး။ ဒါပဲ။

ပြီးတော့ လူသားအရင်းအမြစ်၊ နည်းပညာ။ ပညာရှင်တွေကို မောင်းထုပြီးခေါ်တာ။ ပညာတတ်တိုင်းကို ဂုဏ်ပြုတယ်။ ချီးမြှောက်တယ်။ ပညာမရွေးဘူး။ ထန်းတက်ကျွမ်းသူ၊ ရေကြောင်းကျွမ်းကျင်သူ၊ စိုက်ပျိုးရေးကျွမ်းကျင်သူ၊ အဲ... စစ်ဗျူဟာ ကျွမ်းကျင်သူ။ သူတို့ကို သူ့နေရာနဲ့သူပေးပြီး အလုပ်လုပ်ခိုင်းလိုက်တာ သူ့အနားက ယောင်ဝါးဝါး မှုးမတ်တွေ မြောင်းထဲရောက်ကုန်တယ်။ ရောက်မှာပေါ့ သူတို့ပေးတဲ့ အကြံကို ကြည့်ပါဦး။

တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့
(၁) ဗေဒင်ယတြာတဲ့၊
(၂) ဗလိနတ်စာတဲ့၊
(၃) ယဇ်ပူဇော်တဲ့။

အလကားဟာတွေ။ အမှိုက်တွေ။ သူတို့က ဘုရင်လေးကို အူကြောင်ကြောင်လူ မှတ်လို့။ ပညာရှိဘုရင်က နည်းနည်းလေးမှ မယုံဘူး။ အခုတော့ သူ့မှာ ယုံကြည်စရာ ရသွားပြီ။ “အကြောင်းတရား”တဲ့။
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်၊ နည်းပညာ။

အဲဒီ အကြောင်းတရားတွေနဲ့ မောင်းနှင်လိုက်တာ နှစ်ပေါင်း ၁၀၀၀ ကျော်တာတောင် သူ့ရဲ့ နိုင်ငံတော်ကြီးဟာ ခမ်းနားကြီးကျယ်တုန်းပဲတဲ့...။

အဲ... မေ့လို့။ သူ့ကို ကမ္ဘာက သိပ်လေးစားကြသတဲ့။ သူ့နာမည်က ANIRUDDHA လို့လည်းခေါ်ရဲ့။ ANURUDDHA လို့လည်းခေါ်ရဲ့။ သူ့ကို မြတ်နိုး ကြည်ညို ရိုသေ ချစ်ခင် မေ့မရတဲ့ လူတွေကတော့ “အနော်ရထာ”လို့ ခေါ်ကြသတဲ့။ နတ်ကိုတောင် နိုင်တဲ့ ဘုရင်တဲ့။ အမြင့်မြတ်ဆုံး ဘုရင်တဲ့။ ခြင်္သေ့နှလုံးသားနဲ့ ဘုရင်တဲ့။

အေဒီ - ၂၁ ရာစု ပုံပြင် (21st AD CENTURY)

နိုင်ငံတစ်နိုင်ငံဟာ ဘာသာရေးလုပ်စားရတာ သိပ်ကောင်းသတဲ့။ ဘာသာရေး စာအုပ်တွေ ရောင်းမလောက်တဲ့။ သူတို့ကိုးကွယ်တဲ့ ဘာသာကလည်း အထက်က နတ်လောက်စွမ်းတဲ့ ရှင်ဘုရင်နှစ်ပါး ကျင့်သုံးတဲ့ အဆုံးအမနဲ့ အတူတူပါပဲတဲ့။ လူမှုရေး၊ စီးပွားရေး၊ အပျိုမ၊ ၁၆-နှစ်မ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာတောင် ဘာသာရေး အဆုံးအမတွေ တွေ့ရသတဲ့။ လူတွေကလည်း ဘာသာရေးကို ကြားလို့ကောင်းအောင် တော်တော်ပြောနိုင်ကြသတဲ့။ အဲ... ဘာသာရေး စာအုပ်တွေကို ရောင်းစားတာလည်း အရှေ့တောင်အာရှမှာ အဲဒီတစ်နိုင်ငံထဲပဲ ရှိသတဲ့။

အထူးသဖြင့်...
အနော်ရထာ နဲ့ အသောကမင်းကြီးတို့က ဒီလောက်များပြီး ဘာလို့ အလုပ်မဖြစ်တာလဲ၊ ဘာလို့ စုတ်ချာပြီး နောက်ကောက်ကျ ကျန်ရစ်ခဲ့ရတာလဲ၊ ငါတို့တုန်းက တစ်ခုတည်းနဲ့ အလုပ်ဖြစ်ခဲ့တာဆိုပြီး စဉ်းစားလို့မရ ဖြစ်နေကြရှာသတဲ့။

ဒါပါပဲဗျာ...
လွတ်မြောက်ဖို့ ကြိုးစားရင်း ထိန်းချုပ်မိနေကြဖူးပြီ။ တက်ကျမ်းတွေဖတ်ရင်း ကျရှုံးခဲ့ကြဖူးပြီ။ ဘာသာရေးစာအုပ် ဘာသာရေးတရားပွဲတွေ ပလူပျံရင်းနဲ့ ဘာသာရေးနဲ့ တေ့လွဲလွဲခဲ့ရဖူးပြီ။

အနော်ရထာ ဘာကိုသိခဲ့သလဲ။ ဘာတွေလုပ်ခဲ့သလဲ။ သိတာကတော့ တစ်ခုတည်း။ အကြောင်း-အကျိုး တဲ့။ လုပ်တာကရော။ တစ်ခုတည်းပဲ။ အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းသတဲ့။

အကြောင်းတရားတွေက ဘာတွေလဲ။ ဧရာဝတီ၊ ဆည်မြောင်း။ တစ်ခြား အကြောင်းတရားတွေက လူသားအရင်းအမြစ် ပိုအရေးကြီးတာပေါ့။ အရိမဒ္ဒနဟာ ယဇ်နတ်ယတြာနဲ့ တည်ဆောက်ခဲ့တာမှ မဟုတ်ဘဲ။ ကျန်စစ်သားတို့ ငထွေရူးတို့ လူသားစွမ်းရည်တွေနဲ့ တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်လည်း ပုဂံဟာ ဒီနေ့ထိ ခန့်ခန့်ငြားငြားနဲ့ ရပ်တည်နိုင်ခဲ့တာပေါ့။

အကြောင်းတရားဟာ တန်ခိုးရှင်ပဲ။ အဲဒီ တန်ခိုးရှင်က ဖန်ဆင်းတော့ ပုဂံဆိုတဲ့ အကျိုးတရား ဖြစ်လာတာပေါ့။ အနော်ရထာဟာ တစ်ခုသိပြီး အဲဒီ တစ်ခုတည်းကိုပဲ လုပ်ပြသွားခဲ့တယ်။ ဗုဒ္ဓဘာသာဆိုတာ ဒါပါပဲ။

တော်တော်များများက သဘောတူမှာ မဟုတ်ဘူး။ တရားပွဲတွေ တရားစာအုပ်တွေနဲ့ အသက်ရှူကြပ်ကြပြီး...
ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား။
ခွင့်လွှတ်တော်မူပါ အသောက။
ခွင့်လွှတ်တော်မူပါ အနော်ရထာပြည့်ရှင်။

အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းကြရပါအုံးမယ်။ အချိန်နည်းနည်း ထပ်ပေးပါ။
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”

ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။ ပုဂံက “ဖုန်”ကို သွားရှူကြရအောင်။ ဒါမှ ပျောက်နေတဲ့ ငါတို့ကို ငါတို့ပြန်တွေ့မှာ။

မှတ်ချက်

ပုဂံမြေပေါ်မှာ ခြေစုံရပ်ရင်း ပုဂံက ဖုန်တွေကို ရှူရှိုက်ရင်း ရေးခဲ့တဲ့ ဆောင်းပါးပါ။

ဖုန်စော်နံတယ်ထင်ရင် ခွင့်လွှတ်ပါ။ ခင်ဗျား ဗမာမစစ်တော့လို့လည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ပါ။ ဘာပဲဖြစ်ဖြစ် ပုဂံကဖုန်ဟာ နှင်းဆီထက် မွှေးတယ်။ ဒါကိုတော့ ယုံတယ်။

စောနေလတ်
“လူလားမမြောက်သေးသောအတွေးများ”မှ