Tuesday, February 5, 2013

တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone


 တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal law for everyone
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ သက်ဆိုင်ရာ ရောင်းရင်းအပေါင်း တို့အား လည်း ကောင်း။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universallaw ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-

တကယ်တော့ မိတ်ဆွေကြီး တကယ့် ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဆိုတာကို သေသေချာချာ မသိသေးလို့ပါ။ မိတ်ဆွေကြီးတို့ ဖျက်ဆီးချင်တဲ့ တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ဟာ တကယ် တော့ ဘာလဲ ဆိုတာ အသေအချာသိရရင် မိတ်ဆွေကြီး ဖျက်ဆီးလိုတော့မှာ မဟုတ်ဘဲ ပြန့်ပွါး အောင်ပင် လုပ်ချင်လာပါလိမ့်မယ်။ တကယ်တော့ မိတ်ဆွေကြီး ဖျက်ဆီးချင်တဲ့ ဗုဒ္ဓဘာသာ (သို့) ပုတ်ခတ်စော်ကား ဖော်ပြထားသမျှဟာ တကယ့် ဗုဒ္ဓဘာသာမဟုတ်ပဲ အပေါ်ယံအကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။

တနည်းအားဖြင့် မိတ်ဆွေကြီး ဝေဖန်စော်ကားနေသမျှဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ဘဲ အပေါ်ယံ အကာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ တနည်းအားဖြင့် ပညတ်သာသနာလို့ ခေါ်ပါတယ်။ ဘုရားအလောင်း အရင်ဘ၀ က ဘာတွေဖြစ်။ သိဒ္ဓတ္ထမင်းသား ဘယ်နှစ်ခုနှစ်မှာ မွေးပြီး။ အမိကဘယ်သူ။ အဖကဘယ်သူ။ ဘယ်နေရာမှာမွေး။ ဘာလူမျိုးဖြစ်။ ဘာနိုင်ငံသားဖြစ်။ ဘယ်သူနဲ့တူတယ်။(ချောတယ်။ ရုပ်ဆိုးတယ်)။

ဘယ်သူတွေနဲ့တွေ့။ ဘယ်သူနဲ့လက်ထပ်။ ငယ်စဉ်ဘ၀ မိန်းမ ဘယ်နှစ်ယောက် ယူခဲ့။ သားသမီးဘယ်နှစ်ယောက်ရ။ ဘယ်သူတွေက သူ့တပည့်ဖြစ်။ ဘယ်သူတွေက သူ့ဆရာဖြစ်ခဲ့ကြ၊ ဘယ်နှစ်ခုနှစ်မှာ ဘုရားဖြစ်၊ ဘယ်နှစ်ခုနှစ်မှာ တရားဟော။ ဘာရောဂါဝေဒနာဖြစ်။ ဘယ်နှစ်ခုနှစ် ပရိနိဗ္ဗါန်စံ(သေဆုံး) စတာတွေ - ဇာတ်လမ်းတွေဟာဖြင့် ပုဂ္ဂိုလ်ရေး personal (သမိုင်း) အပေါ်ယံ ဗုဒ္ဓဘာသာ တွေဖြစ်ပါတယ်။

မိတ်ဆွေကြီးဟာ သူများ personal ပုဂ္ဂိုလ်ရေးချည်းကိုသာ ဖော်ပြနေပြီး
အသိဥာဏ်ပိုင်း-စိတ်ဓါတ်ပိုင်း (sprituality) အယူဝါဒရေးရာ (တကယ့် ဗုဒ္ဓဘာသာ)နဲ့ပတ်သက်ပြီး တစ်လုံးမှ ကန့်ကွက်ခြင်းမရှိပါ။ မိတ်ဆွေကြီးတို့ ပုတ်ခတ်ထားတဲ့ စေတီ-ဘုရားပုံတွေပဲဖြစ်ဖြစ်၊ ရုပ်တု ဆင်းတု တွေပဲဖြစ်ဖြစ်၊ ဒါတွေဟာ အပေါ်ယံ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ စေတီ-ဆင်းတု-တစ်ဦးဦး တစ်ယောက်ယောက် တစ်ခုခုကို ရှိခိုး ၀တ်ပြု ဆုတောင်းနေကြတာဟာ တကယ့်အစစ်အမှန် ဗုဒ္ဓဘာသာ
(သို့) ဓမ္မ (သို့) ဗုဒ္ဓရဲ့ အဓိက ပြုလုပ်စေချင်တဲ့ လိုရင်းမဟုတ်ပါဘူး။

အပေါ်ယံ ဗုဒ္ဓဘာသာ ဟာ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကို သိရှိရေး လုပ်ဆောင်ကြရန်
ကြော်ငြာ ပေးမှု-ဆော်သြတိုက်တွန်းပေးမှု အဆင့်သက်သက်သာဖြစ်ပါတယ်။
တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာ ကတော့ နောက်ဖြစ်မည့် အနာဂတ်အကျိုးတရား တွေကို
နတ်ပြည်-ငရဲပြည်-မြင့်မိုရ်တောင်-နိဗ္ဗါန်- တစုံတရာ-ဘာလဲ-ဘာမှာလဲ ဆိုတာတွေကို ထည့်မစဉ်းစားပဲ မမျှော်ကိုးပဲ ပစ္စပ္ပါန်တည့်တည့် လက်ငင်း မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့်အလုပ်ကို အကောင်းဆုံး တစိုက်မတ်မတ် လုပ်ဆောင်ခြင်း ဖြင့် ပစ္စပ္ပါန် အနာဂတ်
ကောင်းကျိုးတွေ ဆုတောင်း စရာမလိုဘဲ အလိုလို ဖြစ်ပေါ်လာအောင် ပြုလုပ်တာပါပဲ။

တကယ့် ဗုဒ္ဓဘာသာ မှာ လူတွေကို နတ်ပြည်နှင့် ဖြားယောင်းစရာ မလိုသလို၊ ငရဲပြည်နှင့်
ခြိမ်းခြောက်ရန် မလိုအပ်ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓ၏ လုပ်ဆောင်ရန်အချက်များ နှင့် မလုပ်ဆောင်ရန်အချက်များ ညွှန်ကြားထားမှုဟာ မိမိနှင့် တကွ မိမိ ပတ်ဝန်းကျင်ကို ယခုလက်ငင်းရော-အနာဂတ်အတွက်ပါ
ကောင်းကျိုးပြုစေရန် အတွက် ငြင်းပယ်ရန်မလိုအပ်ပဲ လုပ်ဆောင်သင့်လှကြောင်း
အသိဥာဏ်ရှိသောသူများအားလုံး လွယ်ကူစွာ သိရှိနိုင်သောကြောင့်ဖြစ်ပါတယ်။
မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လက်ငင်းလက်တွေ့ အကျိုးရှိမယ့် လုပ်ဆောင်ရန်-မလုပ်ဆောင်ရန်
အလုပ် တွေက ဘာတွေလဲ ဆိုတာကို ဗုဒ္ဓက အဆင့် (၄)ဆင့် (သို့)အလုပ်(၄မျိုး)
ခွဲခြားပြပြီး တဆင့်ချင်း လုပ်ဆောင် သွားရပါမယ်။

ဒီ ဗုဒ္ဓ၏ ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) (သို့) ဓမ္မ universal law ကို ဝေဖန် ကန့်ကွက်
ပုတ်ခတ်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမှု (သို့)တကယ့်ဗုဒ္ဓဘာသာကို
ထိခိုက်စော်ကားမှုဖြစ်ပါသည်ဟု ဒီနေရာကပဲ လေးလေးနက်နက် အကြံပြုသိစေအပ်ပါတယ်ခင်မျာ-

ဒီ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှုကို လူအများ မလုပ်ကြရန် မိတ်ဆွေကြီးတို့
ဝါဒဖြန့်နိုင်မှသာ ဗုဒ္ဓဘာသာကို ဖျက်ဆီးလို့ရပေမည်။ သို့မဟုတ်ပါက မိတ်ဆွေကြီးတို့ ရည်မှန်းချက် ဘယ်တော့မှ အောင်မြင်မည်မဟုတ်ပါ. အဘယ့်ကြောင့်ဆိုသော် တကယ့်ဗုဒ္ဓဘာသာ (သို့) ဓမ္မ universal law ကို မဝေဖန် မကန့်ကွက်နိုင်ဘဲ အပေါ်ယံ ဗုဒ္ဓဘာသာ ဇာတ်လမ်း - ဇာတ်ကွက်များ -
ဇာတ်အိမ်များကိုသာ ၀တ္ထု ဝေဖန်သလို သွားရောက် ကန့်ကွက် ဝေဖန် နေသောကြောင့်ဖြစ်ပါသည်။

သမိုင်းအဆက်ဆက် ဗုဒ္ဓဘာသာကို စော်ကား ကန့်ကွက် ဖျက်ဆီးသူများဟာလည်း အပေါ်ယံ ဗုဒ္ဓဘာသာ ဆင်းတု- စေတီ ပုထိုး - မှတ်ပုံတင်ထဲ (သန်းခေါင်းစာရင်း)ထဲမှ ဗုဒ္ဓဘာသာအရေအတွက် ကိုသာ အဓိကထား ပြောင်း လဲဖို့ ကြိုးစားနေသဖြင့် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ကွယ်ပျောက်ခဲ့သည်ဆိုသော်လည်း တကယ့်ဗုဒ္ဓဘာသာ က မပျောက်ကွယ်သဖြင့် ယခုဆိုလျှင် အိန္ဒိယတွင် ဗုဒ္ဓသာသနာ ပြန်လည် ထွန်းလင်းလာချေပြီ။

မြန်မာနိုင်ငံမှ တဆင့် ပြန်လည် သိနားလည်သွားကာ ဖြန့်ဖြူးပေးနေသည့် ဆရာကြီး
ဦးဂိုအင်ကာ ကျေးဇူးဖြင့် အခုဆိုရင် တကယ့် ဗုဒ္ဓဘာသာဟာ အိန္ဒိယ တွင်
အကျဉ်းထောင်၊ စာသင်ခန်း တို့မှ စတင်ကာ တကျော့ပြန် ပြန်လည်
ထွန်းလင်းနေပါပြီ။

အနောက်နိုင်ငံများမှ အသိဥာဏ်ရှိသူများမှလည်း ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့်ဗုဒ္ဓဘာသာ) ဟာ ဝေဖန်-ကန့်ကွက်စရာ တစုံတရာ လုံးဝမလိုအပ်ပဲ လောကီ အတွက်ရော လောကုတ္တရာအတွက်ပါ လူမျိုးမရွေး-ဘာသာမရွေး- နေရာမရွေး-အချိန်မရွေး လူတိုင်းလုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ထိုက်တဲ့ တရားဖြစ်ကြောင်း
သိနားလည်လျှက် လိုက်နာ ကျင့်သုံးရာမှ (ဖြန့်ဖြူးပေးရာမှ) ယခုဆိုလျှင်
ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့) အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု(တကယ့်ဗုဒ္ဓဘာသာ) ဟာ အနောက်နိုင်ငံ များမှာ ယခုဆိုလျှင် အလွန်ပဲ လူသိများ ကျော်ကြား လာကာ လိုက်နာ ကျင့်သုံး လျှက်ရှိကြပါပြီ။

ထို့ကြောင့် စိတ်ဆိုး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ဗုဒ္ဓဘာသာအပေါ် စော်ကား ပုတ်ခတ်မှုများဟာ တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပဲ တကယ့် ဗုဒ္ဓဘာသာကို သိရှိရေး
ကူညီပေးသည့် အပေါ်ယံ ဗုဒ္ဓဘာသာ ကိုသာ ပုတ်ခတ်စော်ကားခြင်းမျှ သာဖြစ်ကြောင်းသိနားလည်လျှက် စိတ်မသက် မသာမဖြစ်ကြပဲ
ဗုဒ္ဓရဲ့ အဆင့်-၄ ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှု (တကယ့် ဗုဒ္ဓဘာသာ) ကို မိမိတို့ မလုပ်ဆောင်နိုင်စေရန် စော်ကားကန့်ကွက်မှသာ စိတ်မသက်မသာဖြစ်ကြဖို့ ပန်ကြား အပ်ပါတယ်။
ဗုဒ္ဓရဲ့ အဆင့်-၄ဆင့် (သို့)အလုပ်-၄မျိုး လုပ်ဆောင်ရန် ညွှန်ကြားမှုကို ယခု သိရှိရန် အကျဉ်းမျှ ဖော်ပြအပ် ပါတယ် ခင်ဗျား-

ပထမအဆင့် (ဒါန) -

ကြွားဝါမှုမပါ - နောက်ဘ၀ကောင်းစားရေးမပါ - ငါ့အတွက်-ငါ့ဘာသာ ကောင်းစားရေး တစုံတရာ
မျှော်လင့်ချက်မပါ - -သူတပါး အကျိုး သက်သက် အတွက် စွန့်လွှတ်ပေးကမ်းမှု။
(သို့) မိမိ လောဘစိတ် ကို အလောဘ စိတ် ဖြစ်အောင် ပြုလုပ်မှု။

(မှတ်ချက်။ ။ ဗုဒ္ဓသည် လှူဒါန်းသူ၏ စေတနာ နှင့် အလှူခံပုဂ္ဂိုလ်တို့
စိတ်ထားနှင့်ပတ်သက်ကာ အကျိုးရှိပုံကို အဆင့်ဆင့်ပြောကြားခဲ့သော်လည်း
ဘယ်သူ့ကိုတော့ဖြင့်မလှူရ ဘယ်သူ့တော့ဖြင့်များများလှူ ဟု မကန့်သတ်ခဲ့ပေ။
သုတ္တန်တစ်ခုတွင် တခြားဘာသာမှ မိမိအားပြောင်းလဲ ဆည်းကပ်ကြည်ညိုလာ
သူတစ်ဦးအား အရင်ကိုးကွယ်ခဲ့သောဘာသာမှ အလှူခံများကိုလည်း
ဆက်လက်လှူဒါန်းပါရန် မိန့်ကြား ထားလေသည် )

ဒုတိယအဆင့် (သီလ)-

လူအပါအ၀င် သတ္တ၀ါများ၏ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြည်ခြင်း။
သူတပါး-တိုင်းပြည်ပိုင် ပစ္စည်းများအား မတရားယူခြင်း-ခိုးယူခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါး သားပျို-သမီးပျို-ကာမပိုင်ရှိသူများအား လွန်ကျူး စော်ကား ဖျက်ဆီးခြင်း မှ ရှောင်ကြည်ခြင်း။
သူတပါးအား လိမ်ညာလှည့်ဖြားပြောဆိုခြင်း မှ ရှောင်ကြည်ခြင်း။
အရက်သေစာ မူးယစ်ဆေးဝါးများ သောက်စားမူးယစ်ခြင်း မှ ရှောင်ကြည်ခြင်း ။ စသည်တို့ဖြစ်လေသည်။ (သို့) မိမိ ဒေါသ-လောဘ အလျှောက်
မတရားလုပ်ချင်စိတ်များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

တတိယအဆင့်(သမာဓိဘာဝနာ) -
-လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သူ့ကိုမဆို ချစ်ခင်လျက် သတ္တ၀ါအားလုံး၏ ကောင်းကျိုးကို နှစ်သက်လိုလားသောမေတ္တာ စိတ်ဓါတ်များ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး ဒုက္ခရောက်သူ မည်သူ့ကိုမဆို သနားကြင်နာသော ကရုဏာ စိတ်ထား ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။

လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မိမိထက်သာသူ မိမိထက်ချမ်းသာသူအားလုံး မည်သူ့ကိုမဆို ၀မ်း မြောက်သော စိတ်ထား မုဒိတာ ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။
လူမျိုး-ဘာသာမရွေး-သတ္တ၀ါမရွေး မည်သို့မျှ ဆုံးမ-သွန်သင်လို့မရသူ မည်သူ့ကိုမဆို ဒေါသစိတ် မုန်းတီးစိတ် နာကျည်းစိတ် မထားပဲ ညီညွှတ်မျှတသောသဘောထား ဥပက္ခော စိတ်ထား
ဖြစ်ပေါ်(ပွားများ)မှုကိုလည်းကောင်း။

တောင်တွေး-မြောက်တွေး-ဟိုမကောင်းကြံ-ဒီမကောင်းကြံ-ဟိုပူ-ဒီပူ-ဟိုမကျေနပ်-ဒီမကျေနပ် ဖြစ်မနေပဲ မိမိ ၀င်သက်ထွက်သက် (သို့) မိမိခန္ဓာမှာဖြစ်ပေါ်နေသော
ဓါတ်သဘာဝ-စိတ်သဘာဝ များကို သတိဖြင့် စောင့် ကြည့်ကာ
တည်ကြည်နေမှုကိုလည်းကောင်း တတ်စွမ်းသမျှ လုပ်ဆောင်ခြင်းဖြစ်လေသည်။ (သို့)
မနာလိုစိတ်-မုန်းတီးစိတ်-အပျော်ကြူးချင်သောစိတ်-ထောင်လွှားသောစိတ်-ပျင်းရိသောစိတ်-
သူတပါးအား ဒုက္ခရောက်စေလိုသောစိတ် - ပျက်စီးစေလိုသောစိတ် စသည် ဖြင့်
မကောင်း သော စိတ် များကို စွန့်လွှတ်ရန် ဖြစ်လေသည်။

စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)

ဒီအဆင့်ကတော့ တကယ့် ဗုဒ္ဓဘာသာ အဆင့်လေးဆင့် မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီအဆင့်ကို
ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ရောက်ဖို့ သိဖို့ နားလည်ဖို့ လုပ်တတ်ဖို့
တော်တော်လေး ခဲယဉ်း နေတတ် ပါတယ်။ (ဒီမိတ်ဆွေကြီးရဲ့ post တစ်ခု မှာ
တရားနည်း တစ်ခုကို ၀ိပဿနာ အဖြစ် အထင်မှား လျှက် ပုတ်ခတ်ထားတာ တွေ့ရပါတယ်။)
အခုဒီနေရာမှာ ၀ိပဿနာဘာဝနာ ကို ရှင်းပြရင်လည်း ဒေါသစိတ်အားကြီးသူများ နားလည်ဖို့
ခက်ခဲမယ်လို့ ယုံကြည်မိပါသော်လည်း အကြမ်းအားဖြင့်တော့
ကျွန်တော်နားလည်သလောက် တခြားသူများအတွက်ပါ ရည်ရွယ်လျှက် စေတနာဖြင့်
ရှင်းပြလိုက်ပါသည်။

-အမှန် ကို အမှန် အတိုင်း သိနေခြင်း။
-တကယ့် အရှိ ကို အရှိအတိုင်း သိနေခြင်း ။ လက်ခံ ယုံကြည်နေခြင်း။
-တကယ်မဟုတ်တာ ကို တကယ်မဟုတ်မှန်း သိနေ နှလုံးသွင်းနေခြင်း။
-တကယ် မရှိတာ ကို တကယ်မရှိမှန်း နားလည် သဘောပေါက် ဆင်ခြင်နေခြင်းဖြင့်

(တနည်းအားဖြင့်)
-မမြဲသော တရစပ် ပျက်စီးနေသော အနိစ္စ သဘာဝများကို ..... တရစပ်
ဖောက်ပြန်ပျက်စီးပြိုကွဲပြောင်းလဲနေမှုသဘောဖြစ်ခြင်း (အနိစ္စ) ဟု သိနေခြင်း -
-အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော ဒုက္ခသဘာဝများကို ......... အနှစ်မဟုတ်သောသဘော- ကျေနပ်သာယာစရာမဟုတ်သောသဘော(ဒုက္ခ သစ္စာ)ဟု သိနေခြင်း

-ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်-ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်) ရှိမနေမှု -မြဲမနေမှု-အဖတ်မတင်မှု-သဘာဝသက်သက်များကို ................ငါ-ငါ့ဟာ-ငါ့စိတ်-ငါပိုင်- ငါဆိုင် အဖြစ် (တစ်ခုခုအဖြစ်)
ရှိမနေမှု -မြဲမနေမှု - အဖတ်မတင်မှု-သဘာဝသက်သက်များ(အနတ္တ)ဟု
လက်ခံယုံကြည်နှလုံးသွင်းနေခြင်းဖြင့် -
အမှန်တရား ကို အမှန်တရားအတိုင်း မှန်မှန်ကုန်ကန် နှလုံးသွင်းဆင်ခြင်ခြင်း ဥာဏ် အားဖြင့် (သိနားလည်သွားမှုဖြင့်) ............
ပူလောင်ဆင်းရဲစေသောစိတ်များ-မမှန်ကန်သောစိတ်များ (ကိလေသာများ) ကို တစ်စ တစ်စ စွန့်လွှတ်- စွန့်လွှတ်သွားနိုင်မှု ဖြစ်လေသည်။

နောက်ဆုံး စတုတ္ထအဆင့်(၀ိပဿနာဘာဝနာ)စွမ်းအားဖြင့်သာ တကယ့်ချမ်းသာအစစ် - ငြိမ်းချမ်းရာအစစ် -တည်မြဲရာအစစ် - အိုနာသေကင်းရာအစစ် ကို သူတပါးမေးစရာမလိုပဲ self-evident အဖြစ် ကိုယ်တိုင် သိရှိ - မျက်မှောက်ပြုသွားခြင်း enlightenment ဖြစ်ကြရလေည်။
အထက်ပါ အဆင့် (၄) ဆင့်ကို လုပ်ဆောင်နေသူဟာ မှတ်ပုံတင်ထဲတွင် တခြားဘာသာ အမည်တစ်ခုကို ရေးထားသော်လည်း ဗုဒ္ဓဘာသာဖြစ်နေပေမည်။ ဗုဒ္ဓဟာ အဆင့် (၄)ဆင့်ကို နောက်ဆုံး
(၄)ဆင့်ထိ ပြုလုပ်ရန် အဓိကထားပါသည်။ သို့သော် တဆင့်လုပ်လျှင် တဆင့်အလျှေက်
နှစ်ဆင့် လုပ်လျှင် နှစ်ဆင့်အလျှောက်- သုံးဆင့်လုပ်လျှင်သုံးဆင့် မိမိလုပ်နိုင်လျှင် လုပ်သည့်အလျှေက် မိမိ နှင့် တကွ မိမိ ပတ်ဝန်းကျင်မှာပါ ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများရရှိမည်မှာ သေချာသောနိယာမ univeral law ဓမ္မ ဖြစ်ကြောင်း မှာကြားထားလေသည်။

မိမိ နှင့် တကွ မိမိပတ်ဝန်းကျင်မှာပါ မိမိကိုယ်တိုင် လက်တွေ့ကျင့်သုံးကြည့်ပါက မိမိကိုယ်တိုင် ယခုဘ၀မှာပင် ပစ္စပ္ပါန်-အနာဂတ် ကောင်းကျိုးများကို ဒိဋ္ဌ မျက်မြင် တွေ့ရှိ သိရှိနိုင်မည်ဖြစ်ကြောင်း။ မိမိ နှလုံးသားထဲတွင် တကယ့်ဗုဒ္ဓဘာသာအစစ် (ဓမ္မ)ပြန့်ပွား ထွန်းကားနေပြီဖြစ်ကြောင်း ။ တန်ခိုးဖြင့် အပ်ချလောင်းဆိုပြီး တစ်ဦးဦးမှ လုပ်ပေးလာဖို့ မျှော်လင့် အသနားခံ ဆုတောင်း နေစရာမလိုကြောင်း မှာကြားထားလေသည်။
(မှတ်ချက်။ ဒီလေးခုကို လုပ်လျှင်လုပ်သလောက် အကျိုးများမှာဖြစ်သလို- မလုပ်လျှင် မလုပ်သလောက် အကျိုးနည်း ပေမည်။ )။

ဗုဒ္ဓဘာသာများ အနေနဲ့ လည်း မှတ်ပုံတင်ထဲ စာရင်းအင်းထဲမှာ မိမိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်တယ် လို့
ဘယ်လောက်ပဲ မှတ်တမ်းတင် ရေးထား ရေးထား ။ ဒီအဆင့်လေးဆင့်ကို နောက်ဆုံး
အဆင့်ထိ ရောက်အောင် မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်ဖို့ အချိန်မပေးနိုင်ပါက
ဗုဒ္ဓဘာသာ အတွက် ဘယ်လောက်ပဲ ဒေါသ ထွက်ထွက် - ဘယ်လိုပဲ ရပ်တည် ရပ်တည်
ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့် လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို တကယ်
တည်တံ့အောင် ကာကွယ်မှု ပြုလုပ်ခြင်း တော့ မဟုတ်ကြောင်း သဘောပေါက်ထားရပေမည်။

ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုသော မိတ်ဆွေများအနေဖြင့်လည်း အထက်ပါ အဆင့်လေးဆင့် လုပ်ဆောင်ရန် ဗုဒ္ဓရဲ့ ညွှန်ကြားမှု ကို ဗုဒ္ဓဘာသာဝင်များ အား မလုပ်အောင် တိုက်တွန်း လှည့်ဖြား ဆွဲဆောင်နိုင်မှသာ မိတ်ဆွေကြီး တို့ရဲ့ ရည်မှန်းချက် အထမြောက်အောင်မြင်ပါမည်ဟု အကြံပြုပါသည်-
အထက်ပါ အချက်(၄)ချက် လုပ်ဆောင်မှု ကို မိတ်ဆွေကြီးတို့ ကန့်ကွက်
ဖျက်ဆီးနိုင်မှသာလျှင် ဗုဒ္ဓရဲ့ ဖြစ်စေချင်တဲ့ တကယ့်လိုရင်းအဓိက (တကယ့်ဗုဒ္ဓသာသနာ)ကို ဖျက်ဆီးခြင်းဖြစ်ပါလိမ့်မယ်။

တခြား ပါဠိတော်မဟုတ်သော သမိုင်းဖြစ်စဉ် ဇာတ်လမ်း - ဇာတ်ကွက် ပုဂ္ဂိုလ်ရေး
personal များ (အပေါ်ယံ ဗုဒ္ဓဘာသာ) သမိုင်းများ ကို ငြင်းခုန် ဝေဖန်
ပုတ်ခတ်နေခြင်းဖြင့်လည်းကောင်း။ မည်သည့် ဘာသာရေး ကျမ်းအားလုံးကို မဆို
နောက်ဆုံး စက္ကူပေါ်ရောက်အောင် ဘယ်တော့မှ အမှား မကင်းသည့် လူသားများကသာ
ဖန်တီး ပြုလုပ် ရေးသားထားခြင်း ဖြစ်လေရာ ကျမ်းစာပါ အချက်များကို
ဆုပ်ကိုင်လျှက် ငြင်းခုန်ဆွေးနွေးနေခြင်းဖြင့် လည်းကောင်း (ပြဿနာ နှင့်
ပျော်မွေ့တတ်သည့် ပုထုဇဉ်လူသားများ အားလုံး)တို့ ဘယ်တော့မှ အဖြေမှန်
ရလိမ့်မည် မဟုတ်ဟု ရဲရဲ ကြီး အာမခံပါသည်။

ဗုဒ္ဓသာသနာကို ဖျက်ဆီးလိုသူ မိတ်ဆွေကြီးတို့အနေဖြင့်
-ကျိုက်ထီးရိုးဘုရားကြီးကို တောင်အောင်ကို တွန်းချလို့ရရင်ရမယ်-
သီလစောင့်ထိန်းမှုတွေကိုတော့ ရပ်ဆိုင်းသွားအောင်တော့ တွန်းချလို့မရပါဘူး................
-မိတ်ဆွေကြီးတို့ ရွှေတိဂုံဘုရားကရွှေတွေကို ခွါပြီးတော့ ကိုယ်အကျိုးရှိမယ်ထင်ရာ သုံးလို့ ရချင်ရမယ်-
မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ ဗြဟ္မစိုရ်တရား သမာဓိတရား ပွားများမှုတွေကိုတော့ လုံးဝ ပြတ်လပ် သွားအောင် ခွာချလို့ မရပါဘူး။...................

ဗုဒ္ဓကျမ်းစာအုပ်တွေ-ကျောင်းတိုက်ကြီးတွေ-ဆင်းတုကြီးတွေကို မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ ရချင်ရမယ်-
မမြဲသောအနိစ္စသဘာဝတရားကို သဘောပေါက်နားလည်ဆင်ခြင်နေမှု။ ငါ-ငါ့ဟာအဖြစ် အထင်မမှားဘဲ- အမှန်တရားကို သိနားလည်လျှက် လောဘ-ဒေါသများကို စွန့်လွှတ်နေသော စိတ်ထား
သဘောထား-အေးချမ်းသောစိတ်များ-၀ိပဿနာဥာဏ်များ-မဂ်ဥာဏ်-ဖိုလ်ဥာဏ်များကို တော့ မိတ်ဆွေကြီးတော့ ဘယ်တော့မှ မီးရှို့ဖောက်ခွဲ ဖျက်ဆီးလို့ မရပါ။..............

(မိတ်ဆွေကြီးမေးသော မေးခွန်း ၁၀ ကို ဒီနေရာကပဲ အတိုဆုံးဖြေကြားလိုက်ပါတယ်။ မေးခွန်းများကို
နောက်ဆုံးလိုရင်းချုပ်ပါက မကောင်းမှုတွေ များစွာ လုပ်ခဲ့သော်လည်း နိဗ္ဗာန်
ကို ရောက်သောသူ များရှိကြောင်း ဗုဒ္ဓဘာသာက ဖော်ပြသဖြင့် မဖြစ်နိုင်ကြောင်း
ပြောလိုရင်းဖြစ်ပေသည်။)

ဓမ္မ universal law မှာ မကောင်းမှုတွေ များစွာ ပြုခဲ့သောသူဟာ မကောင်းကျိုးကို ပြုခဲ့သည်အလျှောက်
တန်ပြန်အကျိုးသက်ရောက်မှု ရရှိမှာသေချာပါသည်။ (ဗုဒ္ဓက ဒဏ်မခတ်)
သို့သော် အထက်ပါ အဆင့် (၄)ဆင့် လုပ်ဆောင်မှုကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ပါက
လုပ်ဆောင်သူ၏ လုပ်ဆောင်နိုင်မှုစွမ်းအား ကြီးမားလျှင် ကြီးမားသလောက်
ပြုလုပ်ခဲ့သော အကုသိုလ်၏ တန်ပြန် အကျိုးသက်ရောက်မှု များကို compensate
လုပ်နိုင်စွမ်း ချေဖျက်နိုင်စွမ်း ရှိပါတယ်။

(မှတ်ချက်။ ။အမိ-အဖ(သို့) ရဟန္တာ ကို သတ်သောကံ-စသည်ဖြင့် အားကြီးမားလွန်းသော
အကုသိုလ်ကံများ ပြုလုပ်ခဲ့ပါက တစ်ဘ၀ထဲနှင့် အကုသိုလ်၏ တန်ပြန်
အကျိုးသက်ရောက်မှု များကိုcompensate မလုပ်နိုင်ပါ။ အကုသိုလ်၏
တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက်ခံရလေသည်)

ထပ်မံ သိရှိလိုပါက အောက်ပါ ၀က်ဆိုဒ်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
www.mindfulness.moethout.com,
www.kodiamond.multiply.com
www.trueanswer.co.cc
www.dhammabooks.co.cc

by 
(အရှင်သံဝရာလင်္ကာရ (ဓမ္မပိရဆရာတော်))


Sunday, February 3, 2013

အပျော်ဆုံးနေ့ တရားတော် - ဦးသုဇာတ(မေတ္တာအေး)

မိဘမေတ္တာ သားလိမ္မာ တရားတော် - ဦးသုဇာတ(မေတ္တာအေး)

“ဘယ်လိုစာ မောင်သင်မတုံး”

“ဘယ်လိုစာ မောင်သင်မတုံး”

အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာကိုပဲ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်) သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ မေးခွန်းဆန်းတွေနဲ့ ခဏခဏကြုံရတယ်။
အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေ
      တလောဆီကပဲ လူလတ်ပိုင်း ခေတ်ပညာတတ်ဆိုသူ တစ်ဦးက အခုလက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ အရိယသစ္စာဆိုတဲ့ ပန်းတိုင်အထိမဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေတယ်။ လောကကြီးအပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင်တယ်။ လောကရဲ့ အေးငြိမ်းမှုဆိုတဲ့ တကယ့်နိဗ္ဗာန်ကို ရည်မှန်းတဲ့ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ်သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြောကျင့်ကြံ နေကြတယ်’’လို့ပြောပါတယ်။

    လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာမှန်သင့်သလောက် မှန်ပေမယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြောတာကတော့ ဟုတ်နိုင်ပါ့မလား”ဆိုပြီး မေးလျှောက်ပါ တယ်။

    မောင်ရင်မေးတဲ့ မေးခွန်းက အတော်ရှည်လျှားတဲ့ မာရသွန်မေးခွန်းကြီးတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် “တာ”စထွက်ကတည်းက သွက်ချာပါဒနဲ့ တရွတ်တိုက်ဆွဲပြေးနေတဲ့ မေးခွန်းမျိုးကြီးဖြစ်နေ တယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာ တော်ကြီးအဖြစ်နဲ့လေးစားယုံကြည်သတ်မှတ်ထားတဲ့သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ်ကြီးပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီလည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။

     အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေးထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေးစားကြတာပါ။ ဒါကို ရပ်ကွက်တိုင်းမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်းသားလေးများတောင် သိပါလိမ့်မယ်။ မောင်ရင်တို့ကျမှ ဘယ်လိုလုပ် ရူးကြောင်ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး”လို့ သံသယဖြစ်နေရတာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒလိုက်နေတာ၊ ဒီရောဂါကို ပျောက်အောင်မကုနိုင်ရင်တော့ ဓမ္မလမ်းခရီးတစ်လျှောက်လုံး တရွတ်ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ”လို့ ပြောလိုက် ရတယ်။

     ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအဘိဓမ္မာလောက်တော့ လေ့လာဆည်းပူး ထားနိုင်မှ တန်ကာကျလိမ့်မယ်။ ဟုတ်တယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနကမေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါးတို့ဟာလည်း အဲဒီပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။

    ဆိုလိုတာ ကတော့ အရိယသစ္စာဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ “ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ်ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထသစ္စာမှာသာ လမ်းဆုံးပြီး အရိယသစ္စာမဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ်သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင်ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်းလုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင်ရတဲ့ “ကြောင်တောင်ကန်း”ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလိုပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်းဘူး။

တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီး
    ပြီးတော့ “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်”ဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်နိဂုံးမှာပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့်မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကားပိုဒ် ဖြစ်ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။

      ဒီစကားရဲ့ အပြည့်အစုံက “အမှန်တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ်တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီးသာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။

      လောကမှာ ရှိရှိသမျှခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေလို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။

     မြတ်ဗုဒ္ဓအဆုံးအမတော်ရဲ့ ဦးတည်ချက်ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရမယ်လို့ ညွှန်ပြတာပါ။ “တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြသူတိုင်း သိပါတယ်။

      “အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလိုရမ္မက်ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင်မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်”ဆိုတဲ့အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ တင်စားပြောဆိုတာဖြစ်ပါတယ်။

      ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြတဲ့”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာဝန်းကျင်ကြီးတစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်းဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။

      အဲဒီလို တစ်လောကလုံး ဒုက္ခပြင်ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့ တရားဟာ လောကပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလားဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။

“ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award)ဗုဒ္ဓဘာသာ 

      ၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ပုဂ္ဂိုလ် (ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရပါတယ်)က ရေးသားတင်ပြတဲ့အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံတကာစုပေါင်းမဟာမိတ်အဖွဲ့(ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award) ကို ပေးခဲ့တယ်။

     ဒီဆုကို ဘာသာရေးနယ်ပယ်အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင်အနည်းငယ်သာပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့ “စိတ်ဝင်စားစရာကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေအနည်းငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကိုရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။

     အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံးဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်”တဲ့။

      ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ်ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော်အတိုင်း ပြုရတယ်ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေပါတယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ”တဲ့။

     ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်းလင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ဘာသာအရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါတယ်”လို့ ပြောပါတယ်။

      ဒါတွေကို အထောက်သာဓကပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီးပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ပါ။
(မူရင်းကို အပြည့်အစုံကြည့်လိုရင်တော့ (http://www.sikhphilosophy.net/) မှာ တစ်ကမ္ဘာလုံးအတွက် အမြဲလွှင့် တင်ထားပါတယ်။)
လောကကြီးကို အဆိုးမြင်
ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ်ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေဘူးလား”လို့ ဆက်မေးပါသေးတယ်။

    “အမှန်တရားတွေဆိုတာ မြတ်စွာဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန်အတိုင်းသိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ်လို့ ဟောတော်မူတာဖြစ်ပါတယ်။ ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော်စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောပြချင်ပါတယ်။

     “လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြတယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်”တဲ့။ လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင်သမား၊ လေယာဉ်ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။

    သရော်တဲ့စကားတစ်ခုအနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခုအဖြစ်နဲ့ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီးတီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘောအမှန်တကယ်ရှိလို့ လေထီး တီထွင်သူက ရှုမြင်စဉ်းစား မိတာလားဆိုတဲ့ အချက်ပါ။
     အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက်တာပါ။ ဒီပျက်တတ်တဲ့သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်းရှုမြင်ပြီး ဒီလိုအန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

      ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင်သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူတီထွင်လိုက်တဲ့ လေထီးဆိုတာလည်း လေယာဉ်မောင်းသူ လေယာဉ်စီးသူတို့အတွက် အပျက်ကိုဦးတည်ပေးတာ မဟုတ်ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့်လည်း စစ်တိုက်လေယာဉ်များအပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုးအားထားပြုနေကြတာဖြစ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

     ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိလက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရားကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေးချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည်သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့်အသိဥာဏ်ကို ပြောတာပါပဲ။

      “ဒီလိုဆိုရင် သင်္ခါရတရားတွေမှန်သမျှ ဘာမှအသုံးမကျဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်မ သွားပေဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။ လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။

အလယ်လမ်မးစဉ်
     မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက်တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင်တာမဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။

      ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်းတဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကိုသာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့အစွန်းရောက်သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင်တတ်ကြတဲ့အတွက် သင်္ခါရတရားအားလုံးကို လုံးဝအသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသလိုဖြစ် အောင် အားထုတ်မှုအစွန်း ရောက်သွားကြပါတယ်။ ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေမှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခနယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။

     မြတ်စွာဘုရားရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ မြင်ထောင့်ဖြစ်ပါတယ်။ သင်္ခါရအာရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာသုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရားမှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။ မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။

      လိုအပ်ချက်အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ”လို့ ခေါ်တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်”လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါလိမ့်မယ်။ နိဿရဏမြင်ထောင့်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်းစား၊ မြှားသံလည်း နားထောင်”ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။

      စနစ်တကျစဉ်းစားတွေးခေါ်တတ်သူများဖြစ်ဖို့အတွက် အထူးသတိပြုစေချင်တာကတော့ - လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ်ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်းအတူတူပါပဲ။

ဆေးဆရာ ဥပမာ
ဒါနဲ့ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ -
ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူးမရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး”လို့ ပြောပြီး လူနာကို နှစ်သိမ့်စကားပြောတယ်။

  ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ ဆေးကုဆေးစားလုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”လို့ ပြောတယ်။

     ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင်သမား။ အမြင်ချင်းကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။

    တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင်သမားတော် စစ်စစ်ဖြစ်ပါတယ်။

     ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ -
အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထအစွန်းရောက်တယ်။
အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်”လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်”လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့”လို့သာ ပြောရပါ လိမ့်မယ်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိနိုင်
     “ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာကတော့ “ပျက်မယ်”ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်”မထားတော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။

     မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ”တရားတွေ  ဖြစ်ပါတယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက်မလာပါဘူး။ ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း  မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိမျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

     “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ 
ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ 
ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” 
ဆိုတဲ့ စကားကို လက်ကိုင် ထားတယ်ဆိုရင်တော့ လူငယ်ယဉ်ကျေးမှုသင်တန်းတွေမှာ ပြောနေကြအတိုင်း “ဘယ်ကျောင်း တော်မှာ ဘယ်လိုစာ မောင် သင်မတုန်း” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)