မောင်းထောင်မြေဇင်းဆရာတော်ကြီး၏ သြ၀ါဒများ
အရွယ်သုံးပါး
ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။
မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။
မိုးရွာတုန်းရေခံထားကြ
ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။
ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။

No comments:
Post a Comment